ဗြိတိန်ရဲ့ နာမည်ကျော် သတငး်မီဒီယာ The Mirror ရဲ့ ဖော်ပြချက်တွေအရ ဗလင်စီယာအသင်းရဲ့ ဂျော်ဂျီယာ ဂိုးသမား ဂျော်ဂျီ မာမာဒက်ရှ်ဗီလီကို လီဗာပူးလ်အသင်းက ခေါ်ယူသွားချင်နေပြီး အဓိက ပစ်မှတ်အဖြစ်လည်း သတ်မှတ်ထားနေပေမယ့် မန်ချက်စတာ ယူနိုက်တက်ကပါ မာမာဒက်ရှ်ဗီလီကို ကြားဖြတ် ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဒီနွေမှာ အသင်းအတွက် ကစားသမားသစ် တစ်ဦးတစ်ယောက်မှ မခေါ်ရသေးတဲ့ လီဗာပူးလ်ဟာ ဂျော်ဂျီယာ ဂိုးသမား မာမာဒက်ရှ်ဗီလီကိုလည်း ပစ်မှတ်ထားလို့နေပြီး အနာဂတ်မှာ အယ်လီဆန်နေရာအတွက် အစားထိုးဖို့ ချိန်ရွယ်ထားကာ တခြား ကလပ်အသင်း တစ်သင်းသင်းဆီ တစ်ရာသီခန့်လောက် အငှားချဖို့ပါ စီစဉ်ထားပါတယ်။

Photo Credit : The Sun

မာမာဒက်ရှ်ဗီလီ ကိုယ်တိုင်ကလည်း လီဗာပူးလ်ဆီကို ပြောင်းရွှေ့ချင်နေပြီး သတင်းတော်တော်များများမှာ ဖော်ပြချက်တွေအရ လီဗာပူးလ်နဲ့ မာမာဒက်ရှ်ဗီလီတို့ကြား ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရရှိထားပေမယ့် အခုအထိတော့ လီဗာပူးလ်နဲ့ ဗလင်စီယာအသင်းတို့ကြား သဘောတူညီမှုတော့ မရသေးပဲ ဖြစ်နေပါတယ်။

ဒီလို အခြေအနေမျိုး ဖြစ်နေချိန်မှာ ယူနိုက်တက်က မာမာဒက်ရှ်ဗီလီကို လီဗာပူးလ်ဆီကနေ ကြားဖြတ် ခေါ်ယူဖို့ပါ ရှိလာနိုင်ပြီး တကယ်လို့ အခုဈေးကွက်ထဲမှာ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကိုသာ ရောင်းချနိုင်ခဲ့မယ်ဆိုရင် အသင်းရဲ့ လစာပေးချေမှုတွေလည်း ပိုအဆင်ပြေသွားနိုင်တဲ့အတွက် နောက်ထပ် ကစားသမား ခေါ်ယူမှုတွေကို လုပ်ဆောင်လာနိုင်ပါတယ်။

Photo Credit : TEAMtalk

ယူနိုက်တက်ကတော့ ဒီနွေမှာ လီဗာပူးလ်နဲ့မတူ လက်ရှိအချိန်ထိ ကစားသမားသစ် (၄)ဦးအထိတောင် ခေါ်ယူထားသေးသလို ကွင်းလယ်ပိုင်းအတွက်ကိုလည်း ပီအက်စ်ဂျီ ကွင်းလယ်လူ အူဂါတေးကိုပါ ထပ်မံ ခေါ်ယူသွားဖို့ ကြိုးပမ်းလျက် ရှိလို့နေပါတယ်။ ဒါ့အပြင် ယူနိုက်တက်က အူဂါတေးသာမက ဘယ်ခြမ်းခံစစ်နေရာအတွက်ကိုလည်း ချိန်ရွယ်နေပြန်ပါတယ်။

ဒီလို ကွင်းလယ်နဲ့ ဘယ်နောက်ခံနေရာတွေအတွက် ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်က အခု ဂိုးသမားနေရာအတွက်ပါ လီဗာပူးလ်ပစ်မှတ် မာမာဒက်ရှ်ဗီလီကိုပါ target ထားနေသလို ဆန်ချိုကိုသာ အသင်းကနေ ရောင်းချနိုင်ခဲ့မယ်ဆိုရင် အသင်းရဲ့ ဂိုးပေါက်မှာ အိုနာနာနဲ့အပြိုင် ဂိုးသမားတစ်ယောက် ရှိနေဖို့ မာမာဒက်ရှ်ဗီလီကို ကြားဖြတ် ခေါ်ယူဖွယ် ရှိလာနိုင်ပါတယ်။