MySport Myanmar

လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ကစားခွင့် Ban ခံရနိုင်တဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီနှစ် ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ Top 4 ထဲ ဝင်ရောက်ခဲ့မယ်ဆိုရင်တောင် လာမယ့် ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ဝင်ရောက် ကစားခွင့် အပိတ်ပင်ခံရနိုင်တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဒါဟာ ဘာကြောင့်လဲဆိုတော့ လက်ရှိ ယူနိုက်တက်အသင်းရဲ့ ရှယ်ယာ (၂၅)%ကို ဝယ်ယူဖို့ အနီးစပ်ဆုံး ဖြစ်နေတဲ့ ဗြိတိန် ဘီလျံနာကြီး ဆာ ဂျင် ရတ်ကလစ်ဖ်ရဲ့ အခြေအနေတွေကြောင့် အခုလို ဖြစ်လာခဲ့ရတာလို့ သိရပါတယ်။

Photo Credit : talkSPORT

ဆာဂျင်က ယူနိုက်တက်ရဲ့ ရှယ်ယာတွေကို မဝယ်ယူခင်ကတည်းက ပြင်သစ် လီဂူးကလပ် နိုက်စ်အသင်းကို ပိုင်ဆိုင်ထားတာဖြစ်ပြီး လက်ရှိမှာလည်း နိုက်စ်က ဒီရာသီထဲ လီဂူးပြိုင်ပွဲမှာ အဆင့် (၂)နေရာအထိ ရောက်ရှိနေတာဖြစ်လို့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့က အခြေအနေ အလွန်ကောင်းနေရပါတယ်။

ဆာဂျင်က လက်ရှိမှာ ယူနိုက်တက်အသင်းရော နိုက်စ်အသင်းကိုရောပါ ပိုင်ဆိုင်ထားသူ ဖြစ်တော့မယ့် အချိန်မှာ နှစ်သင်းလုံးက ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားမယ်ဆိုရင်တော့ UEFA ရဲ့ ‘multi-club ownership’ စည်းမျဉ်းကြောင့် တစ်သင်းက ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားခွင့် ban ခံရမှာပဲ ဖြစ်ပါတယ်။

Photo Credit : News18

ပိုင်ရှင်တူ ဖြစ်နေတဲ့ နိုက်စ်ရော ယူနိုက်တက်ပါ နှစ်သင်းလုံး ချန်ပီယံလိဂ်ဝင်ခွင့် ရထားမယ်ဆိုရင် အဆင့်ရပ်တည်ချက် ပိုမြင့်မားတဲ့ အသင်းကသာ ချန်ပီယံလိဂ်ကို ကစားရနိုင်ပြီး တကယ်လို့ နိုက်စ်က Top 4 အတွင်း အဆင့် ရပ်တည်မှု မြင့်မားနေမယ်ဆိုရင်တော့ ယူနိုက်တက်က ချန်ပီယံလိဂ်အပြင် ယူရိုပါလိဂ်တောင် မကစားရနိုင်ပဲ ကွန်းဖရန့်စ်လိဂ်သာ ပါဝင်သွားရနိုင်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ပိုင်ရှင်တူ အသင်းနှစ်သင်းက ချန်ပီယံလိဂ်ဝင်ခွင့်ကို ရနေမယ်ဆိုရင် UEFA အဆင့်သတ်မှတ်ချက်နဲ့လည်း ဆုံးဖြတ်နိုင်တာမို့ လက်ရှိမှာ အင်္ဂလန် ပရီးမီးယားလိဂ် Ranking က လီဂူး Ranking ထက် ပိုမို မြင့်မားနေတာကြောင့် ယူနိုက်တက်အတွက် မျှော်လင့်ချက် ရှိလာနိုင်ပါတယ်။

Exit mobile version