လက်ရှိ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ကလပ် မန်ယူအသင်းကနေ စီးရီးအေကလပ် အင်တာမီလန်အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ ကစားနေတဲ့ ချီလီတိုက်စစ်မှူး ဆန်းချက် ကတော့ မန်ယူအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ် ကို နှစ်ဦးသဘောတူ ဖျက်သိမ်းလိုက်ပြီလို့ သိရပါတယ်။ အသက်၃၁နှစ်အရွယ် ချီလီ တောင်ပံ တိုက်စစ် ကစားသမား အလက်စစ် ဆန်းချက် ဟာ မန်ယူအသင်းထံကို အဓိကပြိုင်ဘက် အာဆင်နယ်အသင်း ကနေ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ စံချိန်တင် လုပ်ခလစာ လို့ ဆိုရမယ့် တစ်ပတ်လုပ်ခ ပေါင် ၄၂၀၀၀၀ ကို အသားတင် ရရှိနေသူ ဖြစ်ကာ ၃၀.၆.၂၀၂၂ ခုနှစ်အထိ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပါတယ်။

Photo Credit: Goal

ဆန်းချက်ဟာ မန်ယူအသင်းဆီကို မြင့်မားတဲ့ လုပ်ခလစာနဲ့ ပြောင်းရွှေ့ခဲ့ပေမယ့် အသင်းထံကို ရောက်ရှိခဲ့ချိန်မှာ ထင်မှတ်ထားသလို ခြေစွမ်းပြ ကစားနိုင်ခြင်း မရှိခဲ့ပဲ ဒဏ်ရာပြဿနာတွေနဲ့သာ လုံးပန်းခဲ့ရပါတယ်။ နောက်ပိုင်းမှာ ဆန်းချက်ဟာ မန်ယူအသင်းရဲ့ ပွဲထွက်လူစာရင်းနဲ့ ဝေးကွာခဲ့ရပြီး ယခုနှစ် ဘောလုံးရာသီ အစမှာတော့ အင်တာမီလန်အသင်းထံကို တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။ ဆန်းချက်ဟာ အင်တာမီလန်အသင်းထံကို ရောက်ရှိအပြီးမှာလည်း ဒဏ်ရာ ပြဿနာတွေနဲ့ ထပ်မံ ကြုံတွေ့ခဲ့ရပေမယ့် ဒဏ်ရာကနေ ပြန်လည် သက်သာလာ အပြီးမှာတော့ အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာတာကြောင့် အင်တာမီလန်အသင်းဟာ သူ့ကို အပြီးသတ် ခေါ်ယူဖို့အတွက် ကြိုးစားလာတာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

နာမည်ကျော် သတင်းဌာနတစ်ခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ အဆိုအရ ဆန်းချက်ဟာ အင်တာမီလန်အသင်းထံကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့မှာ ဖြစ်ပြီး မနက်ဖြန်မှာပဲ အင်တာမီလန်အသင်းဟာ ဆန်းချက်ရဲ့ အပြောင်းအရွှေ့ကို တရားဝင် ကြေညာသွားမှာ ဖြစ်ကာ လက်ရှိမှာတော့ မန်ယူအသင်းနဲ့ ဆန်းချက်တို့ရဲ့ ကြားမှာ ကျန်ရှိနေတဲ့ စာချုပ်ကို နှစ်ဦးသဘောတူ ဖျက်သိမ်းလိုက်ပြီလို့ သိရပါတယ်။ မန်ယူအသင်းဟာ ဆန်းချက်တစ်ယောက် အင်တာမီလန်အသင်းထံကို ပြောင်းရွှေ့မှုမှာ ပြောင်းရွှေ့ကြေး မရခဲ့ပေမယ့် ဆန်းချက်နဲ့ ချုပ်ဆိုထားတဲ့ ၂နှစ်သက်တမ်း ကျန်ရှိတဲ့ စာချုပ်ကို ဖျက်သိမ်းခွင့် ရခဲ့တာကြောင့် ဆန်းချက်ကို လုပ်ခ လစာအဖြစ် ပေးချေရမယ့် ပေါင် ၆၀ သန်း ဟာ သက်သာသွားခဲ့ရပါတယ်။ ဆန်းချက်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားကလည်း LASK နဲ့ပွဲစဉ် အပြီးမှာ အတည်ပြုထားပါသေးတယ်။