ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အာဂျင်တီးနား ထိပ်သီးကလပ် ရေးဗားပလိတ်အသင်းနဲ့ အတူ စတင် တောက်ပနေတဲ့ လူငယ် တိုက်စစ်မှူး ဂျူလီယန် အယ်ဗာရက်ကို ခေါ်ယူဖို့ လှုပ်ရှားမှုတွေ စတင် ပြုလုပ်နေကြောင်း အာဂျင်တီးနား အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ တိုက်စစ်ပိုင်းမှာ ရိုနယ်ဒို ၊ ကာဗာနီ စတဲ့ ဝါရင့် တိုက်စစ်မှူးတွေ ရှိနေသလို ပြင်သစ် တိုက်စစ်မှူး တဦး ဖြစ်သူ မာရှယ်ကလည်း အသင်းကနေ ထွက်ခွာချင်နေတာကြောင့် ရေရှည်မှာ အသင်းအတွက် အသုံးဝင်မယ့် ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ချိန်ရွယ်နေတာ ဖြစ်ပြီး ရေးဗားပလိတ်နဲ့ အတူ တောက်ပနေတဲ့ အယ်ဗာရက်က သူတို့ရဲ့ ထိပ်သီး ပစ်မှတ်ပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ အသစ်စက်စက် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး အယ်ဗာရက်ဟာ ရေးဗားပလိတ်အသင်းနဲ့ တောက်ပနေတဲ့ ကစားသမား တဦး ဖြစ်ကာ ပြီးဆုံးသွားတဲ့ အာဂျင်တီးနား ဘောလုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၄၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၄ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၅ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

ဒါ့အပြင် အယ်ဗာရက်ဟာ ရေးဗားပလိတ်အသင်းနဲ့ စာချုပ်သက်တမ်း ၆လသာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်တာကြောင့် သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေကာ မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ တခြားအသင်းတွေထက် လက်ဦးမှု ရရှိပြီး အယ်ဗာရက်ကို ခေါ်ယူနိုင်အောင် အစွမ်းကုန် လုပ်ဆောင်နေပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အယ်ဗာရက်ကို စောင့်ကြည့်ဖို့ အတွက် သူတို့အသင်းရဲ့ အားထားရတဲ့ ကင်းထောက်နှစ်ဦးကို အာဂျင်တီးနားနိုင်ငံဆီ စေလွှတ်ထားသလို အသင်းရဲ့ တာဝန်ရှိသူတွေကလည်း အယ်ဗာရက်ရဲ့ အေးဂျင့်နဲ့ ဆက်သွယ်မှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။

အယ်ဗာရက်ကတော့ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ ရေးဗားပလိတ်အသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အယ်ဗာရတ်အတွက် ရေးဗားပလိတ်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၅သန်း ကနေ ၁၀သန်းကြား ပေးချေရနိုင်တယ်လို့ အာဂျင်တီးနား အားကစား သတင်းထောက်တွေက ရေးသား ဖော်ပြထားကြပါတယ်။