ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းရွှေ့ခွင့် ရမယ့် ဂျာမန် အင်အားကြီး ဘိုင်ယန်မြူးနစ် အသင်းရဲ့ ဩစတီးယားအသင်းရဲ့ နောက်ခံလူ အလာဘာကို ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ အသင်းတွေထဲမှာ ပါဝင်လာကြောင်း ဂျာမန် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အသက် ၂၈နှစ်အရွယ် ဩစတီးယား ကစားသမား အလာဘာဟာ ကွင်းလယ်ခံစစ် ၊ ဘယ်နောက်ခံလူ ၊ ဗဟိုနောက်ခံလူ စတဲ့ နေရာမျိုးစုံမှာ ကစားနိုင်စွမ်းရှိတဲ့ ကစားသမား တစ်ဦးဖြစ်သလို သူ့ရဲ့ ခြေစွမ်းဟာ ကမ္ဘာ့အဆင့်မှာ ရှိနေတာကြောင့် ဘိုင်ယန်မြူးနစ် အသင်းဟာ သူ့ကို စာချုပ်သက်တမ်း တိုးနိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

Photo Credit: Metro

လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ် အသင်းနဲ့ အလာဘာကြားမှာ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ မရှိတော့ပဲ အလာဘာဟာ လာမယ့် ဇန်နဝါရီလ ၁ရက်နေ့မှ စတင်ပြီး အသင်းသစ် တစ်သင်းထံ ပြောင်းရွှေ့ဖို့ တရားဝင် စတင် ဆွေးနွေးနိုင်တော့မှာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အလာဘာကို ခေါ်ယူဖို့ ဥရောပ အသင်းကြီး အတော်များများက စိတ်ဝင်စားနေကြပြီး ရီးရဲလ်မက်ဒရစ် အသင်း ၊ ပီအက်စ်ဂျီအသင်း ၊ ချယ်လ်ဆီးအသင်းတို့က အလာဘာကို ခေါ်ယူနိုင်ဖို့ ရေပန်းစား နေကြပါတယ်။ ယနေ့ မနက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ သတင်းအရတော့ အလာဘာကို ခေါ်ယူဖို့ ချိတ်ဆက်လာတဲ့ အသင်းတွေ ထဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်းလည်း ပါဝင်လာပြီး ယူနိုက်တက် အသင်းဟာ အလာဘာရဲ့ အေးဂျင့် ဖြစ်သူထံ တိုက်ရိုက် ဆက်သွယ်မှုတွေ ပြုလုပ် ထားကြောင်း သိရပါတယ်။

Photo Credit: Metro

ဂျာမန် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ BILD သတင်းဌာနရဲ့ ဖော်ပြချက် အရ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားဟာ ဘယ်ခြေအားသန် ဗဟိုခံစစ်မှူး တစ်ဦးကို လိုချင်နေတဲ့ အပြင် အသင်းရဲ့ အဓိက ကွင်းလယ် ကစားသမား ဖြစ်သူ ပေါ့ဘာသာ ထွက်သွားပါက အသင်းရဲ့ ပုံရိပ်ကို မြှင့်တင်ပေးနိုင်မယ့် ကမ္ဘာ့အဆင့် ကစားသမား တစ်ဦးကို လိုချင်နေတာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တာဝန်ရှိသူတွေဟာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရရှိမယ့် အလာဘာ ကို အပြင်းအထန် ချိတ်ဆက်လာကြောင်း သိထားရပါတယ်။ အလာဘာဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မယ့် ကစားသမား တစ်ဦးဖြစ်ပေမယ့် သူ့ရဲ့ လုပ်ခလစာ ကြီးမြင့်မှုကြောင့် အသင်းကြီး အတော်များများဟာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စား နေပေမယ့် ဘဏ္ဏာရေး အနေအထားကြောင့် ချင့်ချိန်နေရတဲ့ အနေအထားမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အလာဘာ အတွက် ရွေးချယ်သင့်တဲ့ အသင်းတစ်သင်း ဖြစ်ကြောင်း ဥရောပ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ် ထားကြပါတယ်။