ဘောလုံးသမားအပြောင်းအရွှေ့စျေးကွက် မဖွင့်ခင်ကတည်းက ကစားသမားတော်တော်များများနဲ့ သတင်းတွေထွက်ပေါ်နေခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုအခါမှာလည်း ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲတော့မယ့် ဝါရင့်တောင်ပံကစားသမားကြီး ဝီလီယံနဲ့လည်း သတင်းတွေ ပြန်လည်ထွက်ပေါ်လာခဲ့ရပြန်ပြီး ဒီလအကုန်မှာ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဝီလီယံကို ခေါ်ယူနိုင်ဖို့အတွက် ကစားသမားရဲ့အေးဂျင့်ဖြစ်သူနဲ့ ချိတ်ဆက်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit :Sky Sports

မကြာခင်မှာ အသက်(၃၂)နှစ်ပြည့်တော့မယ့် ဝီလီယံဟာ ချယ်လ်ဆီးအသင်းမှာ (၇)နှစ်အထိ ပါဝင်ကစားခဲ့တဲ့ ဝါရင့်ကစားသမားတစ်ယောက် အသင်းမှာ ဆက်လက်ရှိနေချင်ပေမယ့် ချယ်လ်ဆီးဘက်က သူ့ကို ကမ်းလှမ်းခဲ့တဲ့ (၂)နှစ်သက်တမ်းတိုးစာချုပ်ကို လက်မခံပဲ (၃)နှစ်အထိတိုးဖို့ တောင်းဆိုခဲ့ရာ အဆင်မပြေခဲ့တာကြောင့် အသင်းနဲ့ လမ်းခွဲဖို့ကို ဆုံးဖြတ်ချက်လိုက်ရတာဖြစ်ပါတယ်။ ဝီလီယံလို ကစားသမားမျိုးကို အသင်းတိုင်းနီးပါးကနေ အလိုရှိနေတာဖြစ်ပြီး ဒီအသင်းတွေထဲမှာ ယူနိုက်တက်လည်း ပြန်လည်ပါဝင်လာခဲ့ပြီး လာမယ့်လမှာ အသင်းဆီ အရခေါ်ယူနိုင်ဖို့အတွက် အေးဂျင့်နဲ့ ချိတ်ဆက်နေတာဖြစ်ပါတယ်။

Photo Credit : AS English

ဝီလီယံကို ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေဖြစ်တဲ့ အာဆင်နယ် စပါး မန်ချက်စတာယူနိုက်တက်အသင်းတွေအပြင် လာလီဂါနဲ့ စီးရီးအေအသင်းကြီးတွေကလည်း အပြိုင်စိတ်ဝင်စားနေကြပေမယ့် ဝီလီယံကတော့ သူ့အတွက် ဒုတိယအိမ်လိုတောင်ဖြစ်နေတဲ့ အင်္ဂလန်မှာပဲ ဆက်လက်နေထိုင်ချင်နေတာကြောင့် ပရီးမီးယားလိဂ်အသင်းတစ်သင်းသင်းဆီကိုသာ ပြောင်းရွှေ့ကစားဖွယ်ရှိပါတယ်။ ဝီလီယံရဲ့အေးဂျင့်ဖြစ်သူကတော့ သူရဲ့ကစားသမားကို ပရီးမီးယားလိဂ် ကလပ်အသင်းများစွာကနေ ခေါ်ယူချင်နေတယ်ဆိုတာကို ဝန်ခံခဲ့ပေမယ့် သူနဲ့သတင်းတွေထွက်နေတဲ့ အာဆင်နယ်နဲ့စပါးအသင်းတွေနဲ့ ဝီလီယံကို ခေါ်ယူဖို့အရေး ဘာမှဆွေးနွေးရသေးခြင်းမရှိဘူးလို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ ဝီလီယံဟာ သူနဲ့ချယ်လ်ဆီးတို့ စာချုပ်သက်တမ်းကုန်သွားရင်တောင် အသင်းက ဇူလိုင်လကျော်တဲ့အထိ ပရီးမီးယားလိဂ်ကို ဆက်လက်ကစားရဦးမှာဖြစ်လို့ ဒီနှစ်ရာသီကုန်အထိ ချယ်လ်ဆီးမှာ ဆက်ရှိရဦးမှာပဲဖြစ်ပါတယ်။