MySport Myanmar

လေဗာကူဆင်ကြယ်ပွင့် ဖရင်းပေါင်ကို စာချုပ်ဖျက်သိမ်းကြေး ပေးပြီး ခေါ်ဖို့ မန်ယူ ကြိုးစားနေ

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ပူပူနွေးနွေး ဘွန်ဒက်လီဂါ ချန်ပီယံ လေဗာကူဆင်ရဲ့ အဓိက ညာနောက်ခံလူ ဖရင်းပေါင်ကို လာမယ့် နွေဈေးကွက်မှာ ခေါ်ယူဖို့ အတွက် ဖရင်းပေါင်ရဲ့ အေးဂျင့်နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက တညီတညွတ်ထဲ ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ညာနောက်ခံနေရာမှာ ပေါ်တူဂီလက်ရွေးစင် ညာနောက်ခံလူ ဒါးလော့နဲ့ အင်္ဂလန်ညာနောက်ခံလူ ဘစ္စကာတို့ကို ပိုင်ဆိုင်ထားပေမယ့် ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက တိုက်စစ်လိုက်ပါရာမှာ အားနည်းတဲ့ ဘစ္စကာကို ရောင်းထုတ်ကာ တိုက်စစ်အားသန် ညာနောက်ခံလူ တဦးကို ခေါ်ယူချင်နေပါတယ်။

Photo Credit: Sky Sports

တဖက်မှာတော့ အသက် ၂၃နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ညာနောက်ခံလူ ဖရင်းပေါင်က ညာနောက်ခံ ၊ ညာတောင်ပံနဲ့ လိုအပ်ရင် ညာတောင်ပံတိုက်စစ်မှာပါ ကစားနိုင်စွမ်း ရှိတဲ့ အရည်အသွေးမြင့် တိုက်စစ်အားသန် ညာနောက်ခံလူ တဦး ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ လေဗာကူဆင် အတွက် ပြိုင်ပွဲစုံမှာ ၃၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၂ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၁ကြိမ် ရရှိထားပါတယ်။

ဖရင်းပေါင်က ယခုနှစ် ဘောလုံးရာသီမှာ လေဗာကူဆင်ရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သလို လေဗာကူဆင်နဲ့အတူ ဘွန်ဒက်လီဂါ ချန်ပီယံဆုကိုပါ သိမ်းပိုက်ထားနိုင်ပေမယ့် သူ့ရဲ့ ကစားသမား ဘဝ အတွက် လာမယ့် နွေဈေးကွက်မှာ နာမည်ကြီးအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ စဉ်းစားနေပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက် ၊ ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ် စတဲ့ ဥရောပ ထိပ်သီးအသင်း ၃သင်းက ဖရင်းပေါင်ကို စာချုပ်ဖျက်သိမ်းကြေး ပေးကာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဖရင်းပေါင်ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၃၅သန်း တန်ကြေး ရှိကြောင်း သိရပါတယ်။

ဂျာမန်နာမည်ကြီး သတင်းထောက် ခရစ်ရှန်ဖော့ခ်ကလည်း မန်ချက်စတာ ယူနိုက်တက်ဟာ ဖရင်းပေါင်ကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း ထပ်ဆင့် အတည်ပြုပေးထားသလို မန်ချက်စတာ ယူနိုက်တက်က ဖရင်းပေါင်ကို စာချုပ်ဖျက်သိမ်းကြေး ပေးကာ ခေါ်ယူဖို့ အတွက် ဖရင်းပေါင်ရဲ့ အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးမှုတွေပါ လုပ်ဆောင်ထားကြောင်း ဆိုပါတယ်။

Exit mobile version