MySport Myanmar

နယူးကာဆယ်ကြယ်ပွင့် စိန့်မက်ဆီမင်ကို ခေါ်ယူဖို့ ဆက်သွယ်ထားတဲ့ မန်ယူ

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားမြှင့်တင်ပေးနိုင်မယ့် တိုက်စစ် ကစားသမားတွေကို ဈေးကွက်ထဲမှာ ဆက်လက် ရှာဖွေနေရာ နယူးကာဆယ်ရဲ့ တိုက်စစ် ကစားသမား စိန့်မက်ဆီမင်ဟာ သူတို့အသင်းရဲ့ ပစ်မှတ်တွေထဲ ပါဝင်နေကြောင်း နာမည်ကြီး မာဆေးလ်မြို့ အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Media Foot Marseille သတင်းဌာနက ဖော်ပြသွားပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ရိုနယ်ဒို ၊ မာရှယ် ၊ ရက်ဖို့ဒ် ၊ ဆန်ချိုတို့ကိုသာ အားကိုးနေရတဲ့ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အားကိုးရမယ့် ထိပ်တန်း တိုက်စစ်ကစားသမား အနည်းဆုံး ၁ဦး ကနေ အများဆုံး ၂ဦး အထိ ခေါ်ယူဖို့ လျာထားတဲ့ အသင်း ဖြစ်ပြီး အကယ်၍ ရိုနယ်ဒိုကိုသာ ဆုံးရှုံးလိုက်ရရင် ကျိန်းသေပေါက် ကစားသမား ၂ဦးကို ခေါ်ယူဖို့ အစီအစဉ် ရှိပါတယ်။

Photo Credit: Goal

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က အေဂျက် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီနဲ့ ပီအက်စ်ဗွီ တိုက်စစ်မှူး ဂတ်ပိုတို့ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ထားပြီး နှစ်ဦးစလုံးကလည်း မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ ကစားဖို့ ဆန္ဒရှိနေကြပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အန်တိုနီနဲ့ ဂတ်ပိုတို့ နှစ်ဦးအပြင် ပရီးမီးယားလိဂ် အတွေ့အကြုံ ရှိပြီးသား ကစားသမား တဦးကိုပါ ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ထားပြီး အဆိုပါ ကစားသမားဟာ နယူးကာဆယ်ကြယ်ပွင့် စိန့်မက်ဆီမင် ဖြစ်ကြောင်း Media Foot Marseille သတင်းဌာနက အခိုင်အမာ ဆိုထားပါတယ်။

Photo Credit: Goal

Media Foot Marseille သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က စိန့်မက်ဆီမင်ကို ခေါ်ယူဖို့ ယခု နွေဈေးကွက် တခုလုံး အနီးကပ် စောင့်ကြည့် လေ့လာမှုတွေ ပြုလုပ်ခဲ့ပြီး နွေဈေးကွက် မပိတ်သိမ်းမီမှာ သူ့ကို ခေါ်ယူဖို့ အတွက် စတင် ကမ်းလှမ်းလာနိုင်ကြောင်းနဲ့ ယူနိုက်တက်က စိန့်မက်ဆီမင်ရဲ့ အေးဂျင့်တွေထံ ချိတ်ဆက်မှုတွေပါ ပြုလုပ်ထားကြောင်း သိရပါတယ်။

ဒါပေမယ့် စိန့်မက်ဆီမင်က နယူးကာဆယ်နဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ကျန်ရှိနေသေးသလို သူဟာ နယူးကာဆယ်ရဲ့ အဓိက တိုက်စစ်အသက်သွေးကြော ဖြစ်နေတာကြောင့် နယူးကာဆယ်ကတော့ သူ့ကို အလွယ်တကူ လက်လွှတ်ဖို့ မရှိပဲ အကယ်၍ မန်ချက်စတာ ယူနိုက်တက်က စိန့်မက်ဆီမင်ကို ခေါ်ယူချင်ရင် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် ပေးချေရဖို့ ရှိနေပါတယ်။

Exit mobile version