ဒီနွေအပြောင်းအရွှေ့ကာလအတွင်းမှာ ချယ်လ်ဆီး ဘိုင်ယန်မြူးနစ်အသင်းတွေနဲ့ သတင်းတွေ ထွက်ပေါ်လျက် ရှိနေပြီး အသင်းအပြောင်းအလဲလည်း လုပ်ဆောင်ဖွယ် ရှိနေတဲ့ ဂျုဗင်တပ်စ် ခံစစ်ကစားသမား မာတိုင်းဒီလစ်ကို မန်ချက်စတာယူနိုက်တက်အသင်းကပါ ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ပြီး ကစားသမားရဲ့ အေးဂျင့်ကို ဆက်သွယ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ နာမည်ကြီး ဂျာမန်သတင်းစာ Blid ရဲ့ ဂျာနယ်လစ် ခရစ္စတီယန်ဖော့ခ်က ဖော်ပြလာခဲ့ပါတယ်။

Manchester United get Matthijs de Ligt boost despite contract negotiations

Photo Credit : Manchester United News

အသက်(၂၂)နှစ်အရွယ်ရှိ နယ်သာလန်လက်ရွေးစင် ဗဟိုနောက်ခံကစားသမား ဒီလစ်ဟာ သူရဲ့ကလပ်အသင်းဟောင်း အိုင်းယတ်မှာ ကစားနေစဉ်ကတည်းက ဥရောပ ကလပ်အသင်းကြီးများစွာရဲ့ ပစ်မှတ်ကစားသမား ဖြစ်ခဲ့ရပြီး ယူနိုက်တက်အသင်းဟာလည်း ဒီလစ်ကို အိုင်းယတ်ကနေ ဂျုဗင်တပ်စ်ကို မပြောင်းရွှေ့ခင်ကတည်းက ခေါ်ယူချင်နေခဲ့တာ ဖြစ်ပါတယ်။ ဂျုဗင်တပ်စ်အသင်းကို ၂၀၁၉ခုနှစ်မှာ ရောက်ရှိလာခဲ့တဲ့ ဒီလစ်ဟာ အသင်းရဲ့ အဓိက နောက်ခံလူတစ်ဦး ဖြစ်နေပေမယ့်လည်း အခုနှစ် နွေဈေးကွက်မှာတော့ ဒီလစ်ကို ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေက မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ အပြိုင်ကမ်းလှမ်းကြဖို့ ပြင်ဆင်နေသလို ဒီလစ်ကိုယ်တိုင်ကလည်း အသင်းနဲ့ လမ်းခွဲချင်လာခဲ့ပါတယ်။

De Ligt has rebuffed interest from Chelsea AND Man Utd to see if Bayern can strike an agreement with Bayern

Photo Credit : The Sun

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဂျာမန်ဘွန်ဒစ်လီဂါ ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းက ဒေါ့မွန်ကို ရောက်ရှိသွားတဲ့ နောက်ခံလူ ဇူလာရဲ့နေရာမှာ ဒီလစ်နဲ့ အစားထိုးသွားဖို့အတွက် အပီအပြင် ကြိုးပမ်းလျက် ရှိနေသလို ဒီလစ်ကိုယ်တိုင်ကပါ ဆုဖလား အောင်မြင်မှုတွေနဲ့ ပိုပြီးနီးစပ်နိုင်မယ့် ဘိုင်ယန်အသင်းဆီ ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။ Sky Sports ကနေလည်း ဘိုင်ယန်က ဒီလစ်အတွက် ကနဦး ကမ်းလှမ်းမှုအဖြစ် ပေါင်(၅၁)သန်းနဲ့ စတင်ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းထုတ်ပြန်ထားခဲ့ပေမယ့်လည်း Blid ရဲ့ ဂျာနယ်လစ် ခရစ္စတီယန်ဖော့ခ်က ဒီလစ်အပြောင်းအရွှေ့ မဖြစ်ပေါ်ခင်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ဒီလစ်ရဲ့ အေးဂျင့်ကို ဆက်သွယ်လာခဲ့တယ်လို့ ဖော်ပြလာခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ လက်ရှိမှာ အိုင်းယတ်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ကိုသာ ဦးစားပေး ခေါ်ယူဖွယ် ရှိနိုင်ပြီး ဒီလစ်ကို ခေါ်ယူဖို့က မာတီနက်ဇ်ထက် ပြောင်းရွှေ့ကြေးပေါင်းများစွာ အသုံးပြုရနိုင်ဖွယ် ရှိနေရပါတယ်။