ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အားဖြည့်မှု တရပ် အဖြစ် လာမယ့် နွေဈေးကွက်မှာ ဘိုင်ယန်မြူးနစ်ရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး မာသီတဲလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး မာသီတဲလ်က ဘယ်တောင်ပံ ၊ ညာတောင်ပံနဲ့ အထောင်တိုက်စစ် စတဲ့ တိုက်စစ်ရဲ့ နေရာစုံမှာ ဆော့ကစားနိုင်စွမ်း ရှိတဲ့ အရည်အသွေးမြင့် ကစားသမား တဦး ဖြစ်ပြီး သူက လျင်မြန်သလို ဂိုးသွင်းစွမ်းရည်လည်း ပြည့်ဝပါတယ်။

Photo Credit: 90 Min

မန်ချက်စတာ ယူနိုက်တက်က တိုက်စစ်ပိုင်းမှာ ရက်ဖို့ဒ် ၊ ဟွိုက်လန်း ၊ မာရှယ် ၊ ဂါနာချို ၊ အန်တိုနီ ၊ အာမတ် ဒီရယ်လို ၊ ဆန်ချို (အငှား) စတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် လာမယ့် နွေဈေးကွက်မှာ မာရှယ်နဲ့ ဆန်ချိုတို့က အသင်းကို စွန့်ခွာကြဖို့ ရှိနေသလို အန်တိုနီနဲ့ ဒီရယ်လိုတို့ရဲ့ ခြေစွမ်းတွေကလည်း အားကိုးချင်စရာ မကောင်းသေးပါဘူး။

ဒါကြောင့်ပဲ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက လာမယ့် နွေဈေးကွက်မှာ အသင်းအတွက် အရည်အသွေးမြင့် အထောင်တိုက်စစ်မှူး ၁ဦးနဲ့ တောင်ပံတိုက်စစ် ကစားသမား ၁ဦးတို့ကို ခေါ်ယူဖို့ ချိန်ရွယ်နေပြီး အထောင်တိုက်စစ်မှာရော တောင်ပံတိုက်စစ်မှာပါ ကစားနိုင်စွမ်း ရှိတဲ့ မာသီတဲလ်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပစ်မှတ် ကစားသမား ဖြစ်လာပါတယ်။

Photo Credit: Bayern Munich

နာမည်ကြီး ဂျာမဏီသတင်းထောက် ပလက်တန်ဘက်ခ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က လာမယ့် နွေဈေးကွက်မှာ မာသီတဲလ်ကို ခေါ်ယူနိုင်ဖို့ အတွက် ယခုကတည်းက မာသီတဲလ်ကို ဆက်သွယ်မှုတွေ လုပ်နေပြီး မာသီတဲလ်ကလည်း သူ့ရဲ့ အနာဂတ် အတွက် အသင်းပြောင်းသင့် ၊ မပြောင်းသင့် စဉ်းစားနေကြောင်း သိရှိရပါတယ်။

ဘိုင်ယန်မြူးနစ်က သူတို့ရဲ့ လူငယ်ကြယ်ပွင့် မာသီတဲလ်ကို လက်လွှတ်ဖို့ စိတ်ကူးမရှိသေးပေမယ့် မာသီတဲလ်ကတော့ လာမယ့် ဘောလုံးရာသီမှာလည်း အရန်ကစားသမား အဖြစ် ဆက်ကစားနေရမယ် ဆိုရင် ဘိုင်ယန်မြူးနစ်ကို စွန့်ခွာဖို့ စတင် စဉ်းစားနေပြီး မာသီတဲလ်ဟာ ဘိုင်ယန်မြူးနစ်ကို စွန့်ခွာရရင်လည်း အငှားထက် အပြီးသတ် ပြောင်းရွှေ့ဖို့သာ လိုလားနေကြောင်း အခြားသော ဂျာမန်သတင်းရင်းမြစ်တွေက ဖော်ပြထားကြပါတယ်။