ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ယူအသင်းကတော့ သူတို့အသင်းရဲ့ နှစ်ပေါင်းများစွာ အားနည်းချက်တစ်ခုလို ဖြစ်ခဲ့တဲ့ ညာတောင်ပံတိုက်စစ် အခန်းကဏ္ဍကို ပြင်ဆင်ဖို့အတွက် ကြိုးပမ်းနေတာကို အားလုံးပဲ သိရှိကြမှာပါ​။ မန်ယူအသင်းဟာ နာနီထွက်ခွာသွားပြီးနောက်မှာ ကောင်းမွန်တဲ့ ညာတောင်ပံ ကစားသမားတွေကို ပိုင်ဆိုင်ခဲ့ခြင်း မရှိခဲ့ပဲ အသင်းရဲ့ ဘယ်တောင်ပံတိုက်စစ်ကနေသာ သွင်းဂိုးတွေ ရရှိဖို့ ကြိုးစားနေခဲ့ရပြီး ဘယ် ၊ ညာ တောင်ပံနှစ်စုံကနေ ထိုးဖောက်နိုင်ခြင်း မရှိတာကြောင့် တချို့ပွဲစဉ်တွေမှာ မန်ယူအသင်းရဲ့ တိုက်စစ်ပိုင်းဟာ အသက်မဲ့နေခဲ့ရပါတယ်။ လက်ရှိမှာတော့ မန်ယူအသင်းဟာ အဆိုပါ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေပြီး လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ တောင်ပံတိုက်စစ် ကစားသမားတစ်ဦးကို ကျိန်းသေပေါက် ခေါ်ယူသွားမယ်လို့ သိရပါတယ်။

Photo Credit: 90 Min.com

ကနဦး ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရတော့ မန်ယူအသင်းဟာ ဒေါ့မွန်အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေကို ထုတ်ပြထားနိုင်ခဲ့တဲ့ ညာတောင်ပံကစားသမားဖြစ်တဲ့ ဆန်ချိုကို အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေကြောင်း သိရှိထားရပြီး ဆန်ချိုကလည်း မန်ယူအသင်းကို ပြောင်းရွှေ့ဖို့အတွက် စိတ်ဝင်စားမှုတွေ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ဆန်ချိုကို ခေါ်ယူလိုတဲ့အသင်းတွေဟာ များပြားနေတာကြောင့် မန်ယူအသင်းဟာ ဆန်ချိုကို ရရှိဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းရဖွယ်ရှိနေပြီး လက်ရှိမှာတော့ မန်ယူအသင်းဟာ ဆန်ချိုကို မရခဲ့ရင် ဆိုတဲ့ အရန်အစီအစဉ်ကို စတင်ပြီး လုပ်ဆောင် နေပြီ လို့ သိရှိရပါတယ်။ ဆန်ချိုကို ခေါ်ယူခွင့် မရခဲ့ရင် မန်ယူအသင်းက ခေါ်ယူမယ့် ကစားသမားဟာ အက်သလက်တီကို မက်ဒရစ်ရဲ့ တောင်ပံကစားသမား လီမာပဲ ဖြစ်ပါတယ်။

Photo Credit: 90 Min.com

မိုနာကိုအသင်းနဲ့အတူ အမြင့်ပျံတစ်ရာသီကို ပျံသန်းနိုင်ခဲ့ပြီးနောက်မှာ အက်သလက်တီကို အသင်းဆီကို များပြားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တဲ့ လီမာဟာ အသင်းသစ်မှာတော့ ခြေစွမ်းကောင်းတွေ ထုတ်ပြဖို့ ရုန်းကန်နေရသလို နောက်ပိုင်းမှာ ပုံမှန်ပွဲထွက်ခွင့်တစ်နေရာစာတောင် မရခဲ့ပါဘူး။ ဒါ့ကြောင့် လီမာဟာ အက်သလက်တီကိုအသင်းကနေ ထွက်ခွာလိုနေပြီး စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြမှုတွေအရ လီမာရဲ့အေးဂျင့်နဲ့ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။ မန်ချက်စတာမြို့အခြေစိုက် သတင်းစာတွေကလည်း အဆိုပါသတင်းကို အတည်ပြုပေးထားကြီး မန်ယူအသင်းဟာ လီမာကို ပြောင်းရွှေ့ကြေး ပေါင်၃၀သန်းနဲ့ ကမ်းလှမ်းသွားဖွယ်ရှိနေကြောင်း ဖော်ပြထားခဲ့ကြပြီး လီမာကို ခေါ်ယူမယ့်အစီအစဉ်ဟာ ဆန်ချိုကို ခေါ်ယူရန် မဖြစ်နိုင်တော့မှသာ ဖြစ်ကြောင်းလဲ သိရှိထားရပါတယ်။