ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ အက်စ်တွန်ဗီလာ အသင်းနဲ့အတူ ခြေစွမ်းပြ ကစားထားနိုင်တဲ့ ကွင်းလယ်လူ ဂရီးလစ်ချ် ကို ခေါ်ယူဖို့ အတွက် ချိတ်ဆက်မှုတွေ ပြန်လည် ပြုလုပ်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရ သိရှိရပါတယ်။ အသက် ၂၅နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ဂရီးလစ်ချ် ဟာ အက်စ်တွန်ဗီလာ အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်သလို အသင်းခေါင်းဆောင်လည်း ဖြစ်တာကြောင့် အစားထိုးဖို့ ခက်တဲ့ ကစားသမား တစ်ဦးဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာ ပြသထားတဲ့ သူ့ရဲ့ ခြေစွမ်းတွေဟာလည်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ကြောင်း သက်သေ ပြနေပါတယ်။

Photo Credit: Goal

ဂရီးလစ်ချ်ဟာ လက်ရှိ ဘောလုံးရာသီမှာ အက်စ်တွန်ဗီလာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၂ပွဲ ပါဝင် ကစားပေးထားပြီး ၆ဂိုး သွင်းယူ ပေးထားကာ ၆ဂိုး ဖန်တီး ပေးထားနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ တစ်ဦးဖြစ်သူ ပေါ့ဘာ တစ်ယောက် အသင်းကနေ ထွက်ခွာသွားချိန်မှာ အစားထိုးမှု အဖြစ် ဂရီးလစ်ချ်ကို ခေါ်ယူချင်နေတာလည်း ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာလည်း ဂရီးလစ်ချ်ကို ခေါ်ယူဖို့ ကြိုးစား ခဲ့ဖူးပေမယ့် ဂရီးလစ်ချ်အတွက် အက်စ်တွန်ဗီလာ အသင်းက တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ပမာဏဟာ အတော်လေးကို မြင့်မားလွန်းတာကြောင့် လက်လျော့ခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။

Photo Credit: Goal

ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိ ရာသီမှာ ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်နိုင်တဲ့ အနေအထားမှာ ရှိနေတာကြောင့် သူတို့အသင်းရဲ့ တိုးတက်မှုကို ဆက်လက် ထိန်းသိမ်း ထားနိုင်ဖို့ အတွက် ပေါ့ဘာ မရှိတော့တဲ့ အချိန်မှာ ပေါ့ဘာရဲ့ နေရာအတွက် တိုက်ရိုက် အစားထိုးမှု အဖြစ် ဂရီးလစ်ချ်ကို ခေါ်ယူချင်နေတာ ဖြစ်ကြောင်း သိရပါတယ်။ အင်္ဂလန် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်သူ အန်ဂျလိုကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဂရီးလစ်ချ် အတွက် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း အခိုင်အမာ ပြောကြား သွားခဲ့ပါတယ်။ ဂရီးလစ်ချ်ဟာ ငယ်စဉ်ကတည်းက မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ကစားပေးချင်ကြောင်းကို ယမန်နှစ် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဖွင့်ဟ ပြောကြား ထားတာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ဗီလာအသင်းနဲ့ ကြားမှာသာ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရင် ဂရီးလစ်ချ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ရောက်ရှိဖွယ် ရှိပါတယ်။