ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ဂတ်ပိုကို ခါးသီးပြိုင်ဘက် လီဗာပူးထံ လက်လွှတ်ခဲ့ရပြီးနောက် အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ ဒီပိုင်းကို ပြန်ခေါ်ဖို့ စဉ်းစားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းထောက် တဦး ဖြစ်သူ တိုင်လာ မာရှယ်က အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် နယ်သာလန် လက်ရွေးစင် တိုက်စစ်ကစားသမား ဒီပိုင်းက လက်ရှိမှာ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာမှာ ကစားနေသူ ဖြစ်ပြီး သူက ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ၆လကျော်သာ ကျန်ပါတော့တယ်။

Photo Credit: Mirror

ဒီပိုင်းက ရော်နယ် ကိုးမန်း တယောက် ဘာစီလိုနာကို ကိုင်တွယ်ခဲ့စဉ်မှာ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ဖြစ်ခဲ့ပေမယ့် ဇာဗီ တယောက် ဘာစီလိုနာနည်းပြ ဖြစ်လာချိန်မှ စတင်ကာ အသင်းရဲ့ အရန်ကစားသမား တဦး ဖြစ်သွားခဲ့ပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံမှာ ၃ပွဲသာ ပါဝင် ကစားပေးခွင့် ရထားပါတယ်။

ဇာဗီက ဒီပိုင်းကို ဘာစီလိုနာရဲ့ အနာဂတ် စီမံကိန်းထဲမှာ ထည့်သွင်းထားခြင်း မရှိတာကြောင့် ဘာစီလိုနာက ဒီပိုင်းကို စာချုပ်သစ် ထပ်ချုပ်တော့မှာ မဟုတ်ပဲ ဆောင်းဈေးကွက် အတွင်းမှာလည်း ဒီပိုင်းကို ခေါ်ယူချင်တဲ့ အသင်းတွေ ရှိလာရင် အငှားချဖို့ စဉ်းစားထားပါတယ်။

Photo Credit: Mirror

မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းထောက် တဦး ဖြစ်သူ တိုင်လာရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ဂတ်ပိုကို လက်လွှတ်ခဲ့ရပြီးတဲ့နောက် ဂတ်ပိုနဲ့ ကစားပုံ ဆင်တူသလို အသင်းရဲ့ ကစားသမားဟောင်းလည်း ဖြစ်တဲ့ ဒီပိုင်းကို ခေါ်ယူဖို့ စိတ်ဝင်စားလာပြီး မန်ချက်စတာ ယူနိုက်တက်က ဒီပိုင်းကို ရာသီဝက်အငှားနဲ့ ခေါ်ယူရန် ကြိုးစားလာဖွယ် ရှိကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဒီပိုင်းအပြင် အက်သလက်တီကို မက်ဒရစ်ရဲ့ ပေါ်တူဂီ တိုက်စစ်မှူး ဖြစ်သူ ဂျာအို ဖီးလစ်ကိုပါ အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မန်ချက်စတာ ယူနိုက်တက်က ဂျာအို ဖီးလစ်ကို ရာသီဝက်အငှားနဲ့ ခေါ်ယူနိုင်ဖို့ အငှားကြေး ယူရို ၈သန်း ဝန်းကျင် ပေးချေရနိုင်ပါတယ်။