ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူတို့အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦးဖြစ်တဲ့ ဘယ်လ်ဂျီယံ တောင်ပံ ကစားသမား ယာနူဇက်ကို အသင်းထံ ပြန်လည် ခေါ်ယူဖို့ စဉ်းစားနေကြောင်း ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ လက်ရှိမှာ အသက် ၂၅နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ယာနူဇက်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ အသင်းရဲ့ အထွန်းတောက်ဆုံး လူငယ် ကစားသမား တစ်ဦး ဖြစ်ခဲ့ပေမယ့် နည်းပြ ဗန်ဟား ရောက်ရှိလာပြီး နောက်မှာတော့ အသင်းမှာ နေရာ မရတော့ပဲ အသင်းကနေ ထွက်ခွာခဲ့ ရတဲ့ ကစားသမား တစ်ဦးပါ။

Photo Credit: Don Balon

လက်ရှိမှာတော့ ယာနူဇက်ဟာ စပိန်ကလပ် ရီးရဲလ် ဆိုစီဒက် အသင်းမှာ ကစားနေပြီး ဆိုစီဒက် အသင်းရဲ့ အရေးပါတဲ့ ကစားသမား တစ်ဦး အဖြစ် သတ်မှတ်ခံထား ရပါတယ်။ ယာနူဇက်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ရီးရဲလ် ဆိုစီဒက် အသင်းထံ ၂၀၁၇ ခုနှစ်မှာ ယူရို ၈.၅သန်းနဲ့ ပြောင်းရွှေ့ခဲ့သူလည်း ဖြစ်ပါတယ်။ ဆိုစီဒက် ကစားသမား ဘဝမှာ ယာနူဇက်ဟာ ပြိုင်ပွဲစုံမှာ ၉၆ပွဲ အထိ ပါဝင် ကစားပေးခဲ့ပြီး ၁၆ဂိုး သွင်းယူနိုင်ခဲ့ကာ ၁၄ဂိုးအထိ ဖန်တီးနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယာနူဇက်ကို ဆိုစီဒက်အသင်းထံ ရောင်းချစဉ်က ထည့်သွင်း ချုပ်ဆို ထားတဲ့ ပြန်လည် ခေါ်ယူခွင့် အချက်ကို အသက်သွင်းကာ ယာနူဇက်ကို အသင်းထံ ခေါ်ယူဖို့ စဉ်းစား နေကြောင်း နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Don Balon သတင်းဌာနက အခိုင်အမာ ဖော်ပြ သွားခဲ့ပါတယ်။

Photo Credit: Don Balon

Don Balon သတင်းဌာနရဲ့ ဖော်ပြချက် အရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ သူတို့အသင်းရဲ့ အားနည်းချက် တစ်ခုလို ဖြစ်နေတဲ့ ညာတောင်ပံ အခန်းကဏ္ဏကို အင်အား မဖြည့်တင်း နိုင်ခဲ့တာကြောင့် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ယာနူဇက်ကို ခေါ်ယူပြီး အသင်းကို အားဖြည့်ဖို့ စဉ်းစားနေတာ ဖြစ်ကြောင်း သိရပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသင်းမှာ ရှိနေတဲ့ ဝေးလ်လက်ရွေးစင် တောင်ပံ ကစားသမား ဒန်နီရယ်ဂျိမ်းစ်ကို ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်းခန့်နဲ့ ရောင်းချကာ ယာနူဇက်ကို ပြန်လည် ခေါ်ယူခွင့် အချက်အလက်မှာ ပါဝင်တဲ့ ပြောင်းရွှေ့ကြေး ယူရို ၃၅သန်းနဲ့ ပြန်လည် ခေါ်ယူမှာ ဖြစ်ကြောင်း သိရှိ ထားရပါတယ်။