မန်ချက်စတာယူနိုက်တက်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်း လာလီဂါကလပ် အလာဗက်စ်အသင်းဆီကို တစ်ရာသီ အငှားချထားခဲ့တဲ့ သူတို့ရဲ့ လူငယ်ကြယ်ပွင့် ကစားသမားလေးဖြစ်သူ ဖာကန်ဒိုပယ်လစ်စထရီကို သူရဲ့အငှားသက်တမ်း မပြည့်မြောက်ခင်မှာပဲ အငှားစာချုပ်ကို ဖျက်သိမ်းပြီး အသင်းဆီ ပြန်လည်ခေါ်ဆောင်ကာ ပယ်လစ်စထရီအတွက် ပုံမှန်ပွဲကစားခွင့် ပေးနိုင်မယ့် ကလပ်အသင်း တစ်သင်းသင်းဆီကိုပဲ ထပ်မံအငှားချဖွယ် ရှိနေပါတယ်။

Photo Credit : The Mirror

အသက်(၁၉)နှစ်အရွှယ်ရှိ ဥရုဂွေး တောင်ပံတိုက်စစ်ကစားသမားလေး ပယ်လစ်စထရီဟာ မနှစ်က ဘောလုံးရာသီကမှ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ ဆောင်းစျေးကွက်အတွင်း လာလီဂါကလပ် အလာဗက်စ်အသင်းဆီ အငှားချခဲ့သလို ဒီနှစ်ရဲ့ နွေစျေးကွက်အတွင်းမှာလည်း အလာဗက်စ်အသင်းဆီကို တစ်ရာသီအပြည့် အငှားထပ်မံချခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လူငယ်ကစားသမားလေး ပယ်လစ်စထရီဟာ အလာဗက်စ်အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရပြီး အငှားချခဲ့စဉ်တုန်းက သဘောတူထားခဲ့သလို သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာထိ ကစားခွင့်မပြုရင် ဒီဇင်ဘာလ မတိုင်ခင်မှာပဲ ကစားသမားရဲ့ အငှားစာချုပ်ကို ယူနိုက်တက်ဘက်ကနေ ဖျက်သိမ်းနိုင်မှာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

အလာဗက်စ်အသင်းအတွက် လာလီဂါ ပွဲစဉ်(၁)ပွဲတည်းကိုသာ ပွဲထွက်ကစားခဲ့ရပြီး မိနစ်ပေါင်း (၁၉၅)မိနစ်လေးပဲ ပါဝင်ထားရတဲ့ ပယ်လစ်စထရီကို ယူနိုက်တက်ဘက်ကနေ အငှားစာချုပ်ဖျက်သိမ်းပြီး အသင်းဆီ ပြန်လည်ခေါ်ဆောင်ဖို့ ပြင်ဆင်နေသလို အသင်းဆီ ပြန်ရောက်လာခဲ့ရင်လည်း ပယ်လစ်စထရီအတွက် ပွဲကစားအာမခံပေးနိုင်မယ့် ကလပ်အသင်းတစ်ခုကို ရွေးချယ်ကာ ထပ်မံအငှားချဖွယ် ရှိနေပါတယ်။ ဆယ်ကျော်သက်ကြယ်ပွင့်လေး ပယ်လစ်စထရီဟာ ယူနိုက်တက်အသင်း ဒီနှစ် ရာသီကြို ခြေစမ်းပွဲစဉ်တွေမှာ ပရိသတ်တွေ သဘောကျနှစ်သက်လောက်အောင် ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပေမယ့်လည်း အသင်းဆီကို ဂျေဒန်ဆန်ချို ရောက်ရှိလာပြီးနောက် အသင်းမှာ နေရာရဖို့ ခက်ခဲသွားတာကြောင့် အလာဗက်စ်ဆီကိုပဲ အငှားထွက် ကစားခဲ့ရတာ ဖြစ်ပါတယ်။ ပယ်လစ်စထရီဟာ လက်ရှိအချိန်ထိတော့ ယူနိုက်တက်အသင်းအတွက် တရားဝင် သတ်မှတ်ထားတဲ့ ပွဲစဉ်တစ်ပွဲကိုမှ ပါဝင်ကစားထားရသေးခြင်း မရှိပဲ အသင်းရဲ့ လူငယ်အသင်း အရန်အသင်းနဲ့ အငှားကစားသမားအဖြစ်နဲ့သာ ကျင်လည်နေရပါတယ်။