MySport Myanmar

နော်ဝေနိုင်ငံမှာ အသက်လက်တီကိုအသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်မယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ဇူလိုင်လထဲမှာ ရာသီကြို ခြေစမ်းပွဲစဉ်အဖြစ် မနှစ်က ဘောလုံးရာသီအတွင်း ချန်ပီယံလိဂ် ရှုံးထွက်(၁၆)သင်းအဆင့်မှာ ထိပ်တိုက်ရင်ဆိုင်ထားခဲ့ရဖူးတဲ့ စပိန်လာလီဂါကလပ် အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ နော်ဝေနိုင်ငံ အော်ဆလိုမြို့မှာ ယှဉ်ပြိုင်သွားမယ်လို့ အတည်ပြု ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit : The Sun

လာမယ့်ဘောလုံးရာသီသစ်ကို နည်းပြသစ် အဲရစ်တန်ဟက်ဂ်နဲ့ ဖြတ်သန်းသွားတော့မယ့် မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမတိုင်ခင် ရာသီကြိုခြေစမ်းပွဲစဉ်တွေအဖြစ် ထိုင်းနိုင်ငံ သြစတြေးလျနိုင်ငံနဲ့ နော်ဝေနိုင်ငံတွေမှာ ကလပ်အသင်း(၅)သင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ ပထမဆုံး ခြေစမ်းပွဲစဉ်အဖြစ် သူတို့ရဲ့ ခါးသီးပြိုင်ဘက် လီဗာပူးလ်အသင်းနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ရာဇမင်္ဂလာ ဘောလုံးကွင်းမှာ စတင်ယှဉ်ပြိုင်ကစားစေမှာဖြစ်ပြီး ဒီပွဲကတော့ ဇူလိုင်လ(၁၂)ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

Photo Credit : Twitter

ဒီပွဲံပြီးသွားရင်တော့ ယူနိုက်တက်အသင်းဟာ သြစတြေးလျနိုင်ငံကို ဆက်လက်ခရီးနှင်မှာဖြစ်ပြီး ဇူလိုင်(၁၅)ရက်နေ့မှာပဲ အေလိဂ်ကလပ် မဲလ်ဘုန်းဗစ်ထရီအသင်း ဇူလိုင်(၁၉)ရက်နေ့မှာ ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ်ပဲလေ့စ်အသင်း ဇူလိုင်(၂၃)ရက်နေ့မှာ အက်စတွန်ဗီလာအသင်းတို့နဲ့ ဆက်တိုက်ယှဉ်ပြိုင်စေရမှာ ဖြစ်ပါတယ်။ အဲ့ဒီပွဲစဉ်တွေ ပြီးရင်တော့ ယူနိုက်တက်ဟာ နော်ဝေနိုင်ငံမှာ လာလီဂါကလပ် အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ ခြေစမ်းပွဲအဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားသွားမယ်လို့ သိရပါတယ်။ ဒီပွဲကိုတော့ ဇူလိုင်လ(၃၀)ရက်နေ့ နော်ဝေနိုင်ငံ အော်ဆလိုမြို့မှာ ကျင်းပမယ်လို့လည်း သိရပါတယ်။ ယူနိုက်တက်အသင်းဟာ အသက်လက်တီကိုနဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ယှဉ်ပြိုင်ခဲ့ရပြီး အသက်လက်တီကိုရဲ့ ဝန်ဒါမက်ထရိုပိုလီတာနိုကွင်းမှာ တစ်ဖက်တစ်ဂိုးစီ သရေကျအောင် ကစားနိုင်ခဲ့ပေမယ့်လည်း အိုးထရက်ဖို့ဒ်မှာတော့ အိမ်ရှင်ဖြစ်တဲ့ ယူနိုက်တက်က အသက်လက်တီကိုကို တစ်ဂိုးတည်းနဲ့ ရှုံးနိမ့်ခဲ့လို့ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပါတယ်။ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက အမှတ်ပေးဇယားရဲ့ အဆင့်(၆)နေရာနဲ့သာ အဆုံးသတ်ခဲ့ရတာဖြစ်လို့ လာမယ့်ရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲသာ ဆင်နွဲရတော့မှာ ဖြစ်ပါတယ်။

Exit mobile version