ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရှက်ဖီးလ် ယူနိုက်တက် အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ သူတို့အသင်းရဲ့ လက်ရှိရာသီ ထုံးစံလို့ ဆိုရမယ့် ပြိုင်ဘက်အသင်းကို သွင်းဂိုး တစ်ဂိုး ခွင့်ပြု ပေးခဲ့ပြီးမှ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်လည် သွင်းယူကာ ၂-၃ ဆိုတဲ့ ရလဒ်နဲ့ ပွတ်ကာသီကာ အနိုင်ရရှိကာ အမှတ်ပေး ဇယားရဲ့ အဆင့်၆ နေရာအထိ တက်လှမ်း နိုင်ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ အသင်းကြီး အများစုဟာ ရလဒ်ကောင်းတွေ မရရှိခဲ့တာကြောင့် ရှက်ဖီးလ် ယူနိုက်တက် အသင်းကို အနိုင်ရရှိဖို့ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် အရေးကြီးခဲ့ပြီး ခက်ခက်ခဲခဲ ကစားကာ အနိုင် ၃မှတ်ကို ရယူခဲ့ ရတာလည်း ဖြစ်ပါတယ်။

Photo Credit: Standard

အဆိုပါပွဲစဉ်ရဲ့ အဖွင့်ဂိုးကို ရှက်ဖီးလ် ယူနိုက်တက် အသင်းက ပွဲကစားချိန် ၅မိနစ်မှာပဲ ရရှိခဲ့ကာ သူတိုအသင်းရဲ့ ဂိုးသမားဟောင်း ဖြစ်သူ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂိုးသမား ဟန်ဒါဆန်ရဲ့ ဂိုးဧရိယာ အတွင်း တုံ့ဆိုင်းနေမှုကို အခွင့်ကောင်း ယူကာ ဂေါဒရစ်က သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရ အပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ချေပဂိုးတွေ ပြန်လည် ရရှိဖို့ ကြိုးစားလာခဲ့ပြီး ပွဲကစားချိန် ၂၆မိနစ်မှာတော့ နောက်ခံလူ လင်ဒီလော့ဖ်ရဲ့ ဖြတ်တင်ဘော ပေးပို့မှု ကနေ တဆင့် ရက်ဖို့ဒ်က ချေပဂိုး သွင်းယူ ပေးခဲ့ပါတယ်။ အဲ့ဒီနောက် သိပ်မကြာခင်မှာပဲ ပေါ့ဘာရဲ့ မျောထိုးပေးပို့မှု ကနေ တဆင့် ပွဲကစားချိန် ၃၃မိနစ်မှာ မာရှယ်က မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Standard

ဒုတိယပိုင်းမှာလည်း မန်ချက်စတာ ယူနိုက်တက် အသင်းကသာ ပွဲကို ဆက်လက် စိုးမိုး ထားခဲ့ပြီး ဂိုးသွင်းခွင့် အမြောက်အများ ရခဲ့ပေမယ့် ပွဲကစားချိန် ၅၁မိနစ်မှာ ရရှိတဲ့ ရက်ဖို့ဒ်ရဲ့ သွင်းဂိုး တစ်ဂိုးထဲနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ပွဲကစားချိန် ၈၇မိနစ်မှာ‌တော့ ဂေါဒရစ်က ရှက်ဖီးလ် ယူနိုက်တက် အသင်းအတွက် ချေပဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပေမယ့် သူ့ရဲ့ သွင်းဂိုးဟာ သရေတစ်မှတ် အတွက်တော့ မလုံလောက်ခဲ့ပါဘူး။ ရှက်ဖီးလ် ယူနိုက်တက် အသင်းကို အနိုင်ရခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိ ရာသီမှာ ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ် အားလုံးကို အနိုင်ရရှိထားခဲ့ကာ ပြီးခဲ့တဲ့ ရာသီကိုပါ ထည့်ပေါင်းမယ် ဆိုရင်တော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်မှာ အဝေးကွင်း ၁၀ပွဲဆက်တိုက် အနိုင် ရရှိထားတာလည်း ဖြစ်ပါတယ်။

Photo Credit: Standard

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေကို ဦးဆောင်ဂိုးတွေ ခွင့်ပြုပေးခဲ့ရတဲ့ နောက်ဆုံး၆ပွဲစလုံးမှာ ချေပဂိုးတွေ ၊ အနိုင်ဂိုးတွေကို ပြန်လည် သွင်းယူနိုင်ခဲ့ပြီး အဆိုပါပွဲစဉ်တွေ အားလုံးကို အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ Comeback နိုင်ပွဲဆက်မှု အများဆုံး အသင်းအဖြစ် မှတ်တမ်း ဝင်ခဲ့ကြောင်းလည်း သိရပါတယ်။ လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ၁၂ပွဲ ကစားပြီးချိန်မှာ ရမှတ် ၂၃မှတ်အထိ စုဆောင်း ထားနိုင်ခဲ့ပြီး အမှတ်ပေး ဇယားရဲ့ အဆင့်၆နေရာ အထိ တက်လှမ်း ထားနိုင်ခဲ့ကာ ပွဲကျန်တစ်ပွဲ ဖြစ်တဲ့ ဘန်လေအသင်းနဲ့ ပွဲစဉ်ကိုသာ အနိုင်ရခဲ့ရင် အမှတ်ပေးဇယားရဲ့ အဆင့်၂ နေရာအထိ တက်လှမ်းနိုင်မယ့် အခွင့်အရေးကိုလည်း ပိုင်ဆိုင် ထားပါတယ်။