ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ဖူလ်ဟမ်အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူတို့အသင်းရဲ့ ထုံးစံအတိုင်းပဲ Comeback နိုင်ပွဲ တစ်ပွဲကို ထပ်မံ ရရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၁၉အဖြစ် ကစားခဲ့တဲ့ အဆိုပါ ပွဲစဉ်ဟာ တန်းမဆင်း ရဖို့ အတွက် ရုန်းကန်နေတဲ့ ဖူလ်ဟမ်အသင်း အတွက်ရော ပရီးမီးယားလိဂ် ချန်ပီယံဆုကို ချိန်ရွယ်နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက်ပါ အရေးပါတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပြီး ဖူလ်ဟမ်အသင်းက ဦးဆောင်ဂိုး စတင် ရရှိခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းက ထုံးစံအတိုင်းပဲ ချေပဂိုးတွေ ၊ နောက်ကျ အနိုင်ဂိုးတွေ သွင်းယူကာ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာပါ။

Photo Credit: Mirror

ဖူလ်ဟမ်အသင်းဟာ အဆိုပါ ပွဲစဉ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရတာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းကို မာမာထန်ထန် တုန့်ပြန်ခဲ့ပြီး ပွဲရဲ့ ဦးဆောင်ဂိုးကိုလည်း ပွဲကစားချိန် ၅မိနစ်မှာပဲ တောင်ပံ ကစားသမား လွတ်ခ်မန်းရဲ့ သွင်းဂိုးနဲ့ ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဦးဆောင်ဂိုးတွေ ပေးရတိုင်း ကစားပုံ ပိုကောင်းလာတတ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကြောင့် ဦးဆောင်ဂိုး ရရှိပြီး နောက်ပိုင်း မှာ ဖူလ်ဟမ်အသင်းဟာ ခံစစ်ကိုသာ အားပြု ကစားခဲ့ရပြီး ပထမပိုင်း ပြီးဆုံးချိန် အထိ သူတို့အသင်းရဲ့ ကစားပုံဟာ ပြိုဆင်းခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ သူတို့အသင်းရဲ့ ကွင်းလယ် အားသာချက်ကို အသာစီးယူကာ ဖူလ်ဟမ်အသင်းကို ထိန်းချုပ် ကစားဖို့ ကြိုးစားခဲ့ပြီး သူတို့အသင်း အတွက် ချေပဂိုးကို ပွဲကစားချိန် ၂၁မိနစ်မှာ တိုက်စစ်မှူး ကာဗာနီက သွင်းယူပေးခဲ့ကာ အနိုင်ဂိုးကိုတော့ ပွဲကစားချိန် ၆၅မိနစ်မှာ အဝေးကန်ချက်နဲ့အတူ ကွင်းလယ်လူ ပေါ့ဘာက သွင်းယူပေးခဲ့တာပါ။

Photo Credit: Mirror

ဖူလ်ဟမ်အသင်းကို Comebackနဲ့ အနိုင်ရရှိပြီးတဲ့ နောက်မှာတော့ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရှုံးနိမ့်နေတဲ့ အနေအထား ကနေ ရမှတ် ၂၁ မှတ်အထိ စုဆောင်း ထားနိုင်ခဲ့ပြီး အဆိုပါ ပမာဏဟာ အတော်လေးကို များပြားတဲ့ ပမာဏတစ်ခုပဲ ဖြစ်ပါတယ်။ မှတ်တမ်းတေွ အရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ရှုံးနိမ့်နေရာ ကနေ ရမှတ် ၂၁မှတ် အထိ စုဆောင်း နိုင်ခဲ့ပြီး ဒုတိယ နေရာမှာ ရပ်တည်နေတဲ့ လက်စတာအသင်း ကတော့ ရမှတ် ၁၀မှတ် စုဆောင်း ထားနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ချန်ပီယံ အိမ်မက်အတွက် Comeback Points တွေဟာ အရေးပါတဲ့ အနေအထား တစ်ရပ်မှာ ရှိနေပြီး ယူနိုက်တက်ရဲ့ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ဟာ သူတို့အသင်း အတွက် ၂၁ ကြိမ်မြောက် ချန်ပီယံဆုကို အရယူနိုင်မယ့် အားအင်တစ်ရပ် ဖြစ်လာမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်သွားမှာပါ။