ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းဟာ လက်ရှိအချိန်မှာ ဘွန်ဒက်လီဂါ ကလပ် လစ်ဇက်အသင်းရဲ့ အဓိက နောက်ခံလူ ဖြစ်တဲ့ အူပါမီကာနိုကို ခေါ်ယူဖို့ တစ်ချိန်က နီးစပ်ခဲ့ဖူးပေမယ့် ပေါင် ၂သိန်း ဆိုတဲ့ ပမာဏကို သုံးစွဲဖို့ တွန့်တိုခဲ့တာကြောင့် အူပါမီကာနိုကို လက်လွှတ်ခဲ့ရကြောင်း The Sun သတင်းဌာနက ဖော်ပြ သွားခဲ့ပါတယ်။ လက်ရှိ အချိန်မှာ အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် လက်ရွေးစင် အူပါမီကာနိုဟာ လူငယ် ဗဟိုခံစစ်မှူးတွေ ထဲမှာ အကောင်းဆုံး နောက်ခံလူ အဖြစ် သတ်မှတ် ခံထားရသူ ဖြစ်ပြီး လာမယ့် အပြောင်းအရွှေ့ ရာသီတွေမှာ သူ့ကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ဥရောပ ထိပ်သီးအသင်းတွေ များစွာ ရှိနေပါတယ်။

Photo Credit: Metro

အဆိုပါ အသင်းတွေထဲမှာ မန်ယူအသင်းလည်း အပါအဝင် ဖြစ်ပြီး မန်ယူအသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ဒါမှမဟုတ် နွေရာသီ အပြောင်းအရွှေ့မှာ အူပါမီကာနိုကို ပြောင်းရွှေ့ကြေး ယူရို ၅၅သန်းနဲ့ ခေါ်ယူနိုင်ဖို့ ရေပန်းစားနေတဲ့ အသင်းတစ်သင်း ဖြစ်ပြီး The Sun သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ မန်ယူအသင်းဟာ လွန်ခဲ့တဲ့ ၅နှစ်ခန့်က အူပါမီကာနိုကို နည်းပါးလွန်းတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ဖူးကြောင်း သိရပါတယ်။ အူပါမီကာနို တစ်ယောက် အသက် ၁၆နှစ် အရွယ်သာ ရှိသေးတဲ့ အချိန်မှာ မန်ယူအသင်းဟာ သူ့ကိုခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပြီး အဆိုပါ အချိန်တုန်းက မန်ယူအသင်းဟာ အူပါမီကာနို အတွက် ပေါင် ၅သိန်းတန် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်။

Photo Credit: Metro

ဒါပေမယ့် အူပါမီကာနိုရဲ့ ကလပ်အသင်း ဖြစ်တဲ့ ဗလန်ဆင်းနက်စ် ဟာ မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို လက်မခံခဲ့ပဲ အူပါမီကာနို အတွက် ပေါင် ၇သိန်း လိုချင်ခဲ့တာကြောင့် အပြောင်းအရွှေ့ဟာ ပျက်ပြယ် သွားခဲ့တာပါ။ အူပါမီကာနိုရဲ့ အပြောင်းအရွှေ့ ကိစ္စနဲ့ ပတ်သတ်ပြီး ပါဝင် လုပ်ကိုင်ဖူးသူ တစ်ဦးက လက်ရှိမှာ အဆိုပါကိစ္စကို The Sun သတင်းဌာနထံ ပြန်ပြောင်း ပြောပြသွားတာပဲ ဖြစ်ပါတယ်။ အဆိုပါလူက ” ဒါးယော့(အူပါမီကာနို)က မန်ယူအသင်းထံ ပြောင်းရွှေ့ချင်ခဲ့ပြီး ပြောင်းရွှေ့ကြေး ပမာဏကလည်း တကယ်ကို မပြောပလောက်ပါဘူး။ ပထမပိုင်းမှာတော့ သူတို့က သူ့ကို အတော်လေး အလေးထားပြီး ဆက်သွယ်ခဲ့ကြတာပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူတို့ဟာ သူတို့ရဲ့ ကမ်းလှမ်းမှုကို ထပ်ပြီး မတိုးမြှင့်တော့ပဲ နောက်ဆုတ် သွားကြပါတယ် ” လို့ ပြောပြ သွားခဲ့တာပါ။