ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား ဖြစ်သူ ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီးနောက် စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နောက်ခံလူ ဗာရန်းကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ညာတောင်ပံ ကစားသမား တဦး ၊ ဗဟိုခံစစ်မှူး တဦး ၊ ကွင်းလယ်လူ တဦးနဲ့ တိုက်စစ်မှူး တဦးတို့ကို ခေါ်ယူဖို့ စီစဉ်ထားပြီး ညာတောင်ပံနေရာ အတွက် ဆန်ချိုကို ရရှိပြီးနောက် ဗဟိုခံစစ်နေရာ အတွက် ပြင်သစ် လက်ရွေးစင် ခံစစ်မှူး ဗာရန်းကို ခေါ်ယူဖို့ အရှိန်မြှင့် ကြိုးစားနေတာပါ။

Photo Credit: Mirror

အသက် ၂၈နှစ် အရွယ် ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဗာရန်းဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စာချုပ် ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းက ဗာရန်းကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပေမယ့် ဗာရန်းကတော့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်လိုတာကြောင့် အသင်းပြောင်းဖို့ ဆုံးဖြတ်ထားပါတယ်။

ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ် အသင်းဟာ ဗာရန်းကို စာချုပ်သစ် ချုပ်ဆိုဖို့ထက် ယခုနှစ် နွေရာသီမှာသာ ရောင်းချဖို့ ပြင်ဆင်နေပြီး ဗာရန်းအတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းနဲ့ ၅၀သန်းကြား အလိုရှိနေတယ်လို့ မက်ဒရစ်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဆန်ချိုကို ခေါ်ယူပြီးနောက် ဗာရန်းရဲ့ အပြောင်းအရွှေ့ အတွက် ဆက်လက် ကြိုးစားနေရာ အောင်မြင်မှုတွေ ရရှိနေပြီး ဗာရန်းနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ဖို့ နီးစပ်နေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗာရန်းအတွက် ရီးရဲလ်မက်ဒရစ်အသင်းက လိုချင်နေတဲ့ ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းနဲ့ ၅၀သန်း ဝန်းကျင်ကို အလွယ်တကူ ပေးချေနိုင်တာကြောင့် အပြောင်းအရွှေ့ အတွက် အရေးအကြီးဆုံးဟာ ကစားသမားနဲ့ သဘောတူညီမှု ရဖို့ ဖြစ်ပြီး ကစားသမားနဲ့ သဘောတူညီမှု ရရှိခဲ့ရင်တော့ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ဟာ ရက်ပိုင်းဝန်းကျင်ပဲ အချိန်ယူရဖွယ် ရှိပါတယ်။