ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ သူတို့အသင်းရဲ့ လစ်လပ်နေတဲ့ အမြဲတမ်းနည်းပြရာထူး အတွက် နယ်သာလန် ထိပ်သီးကလပ် အေဂျက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကို ခန့်အပ်ဖို့ ရာနှုန်းပြည့်နီးပါး သေချာမှု ရှိနေသလို တန်ဟက်ဂ်က မကြာခင်မှာပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်လာတော့မယ်လို့ ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေ အားလုံးက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းရဲ့ အမြဲတမ်းနည်းပြ အိုလေဂန်နာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် ဂျာမန် ဘောလုံးဂုရုကြီး ရန်းဂ်နစ်ကို ယာယီနည်းပြ အဖြစ် ခန့်အပ် တာဝန်ပေးခဲ့ပေမယ့် ရန်းဂ်နစ်ရဲ့ လက်အောက်မှာလည်း မျှော်မှန်းထားသလို ရလဒ်ကောင်းတွေ မရထားတာကြောင့်ပဲ အသင်းရဲ့ အမြဲတမ်းနည်းပြ အဖြစ် တာဝန်ထမ်းဆောင်နိုင်မယ့် နည်းပြတဦးကို ရှာဖွေ ခန့်အပ်ဖို့ လုပ်ဆောင်ခဲ့တာပါ။

Photo Credit: Sky Sports

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘုတ်အဖွဲ့ဟာ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနို ၊ စပိန်နည်းပြ အင်းနရစ်နဲ့ အေဂျက်နည်းပြ တန်ဟက်ဂ်တို့ထဲက တဦးကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ အင်တာဗျူးတွေ ပြုလုပ်ခဲ့ရာ အင်းနရစ်က စပိန်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားသလို ပိုချက်တီနိုရဲ့ ပီအက်စ်ဂျီ နည်းပြဘဝ စွမ်းဆောင်ရည်တွေကလည်း နိမ့်ပါးနေတာကြောင့် တန်ဟက်ဂ်ကပဲ မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့ရဲ့ စိတ်ကြိုက်နည်းပြ ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက်ရဲ့ ယာယီနည်းပြရာထူးကို ရယူထားတဲ့ ရန်းဂ်နစ်ကလည်း တန်ဟက်ဂ်ရဲ့ နည်းစနစ်ပိုင်းကို သဘောကျ ကျေနပ်တာကြောင့် မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့ဟာ တန်ဟက်ဂ်ကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး တန်ဟက်ဂ်က လာမယ့် ၂ပတ် အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်လာဖွယ် ရှိကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနက ဆိုပါတယ်။

Photo Credit: Sky Sports

မန်ချက်စတာ ယူနိုက်တက်ဟာ တန်ဟက်ဂ် အတွက် အေဂျက်ထံ စာချုပ်ဖျက်သိမ်းကြေး ယူရို ၂သန်း ပေးချေရဖို့ ရှိနေသလို တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်မှာ ၅နှစ်သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ရရှိဖွယ် ရှိကြောင်းလည်း နယ်သာလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။