ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ သူတို့အသင်းရဲ့ အားနည်းချက် တရပ်လို ဖြစ်နေတဲ့ ကွင်းလယ်ပိုင်း အတွက် ဂျူဗင်တပ်ရဲ့ ကွင်းလယ်လူ ရာဘီယော့ကို ခေါ်ယူဖို့ ကြိုးပမ်းနေမှုဟာ လာမယ့် နာရီပိုင်းအတွင်း ပြီးပြတ်တော့မယ်လို့ အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အသင်းကနေ ထွက်ခွာသွားကြတဲ့ ပေါ့ဘာနဲ့ မာတစ်တို့ရဲ့ နေရာအတွက် ကွင်းလယ်လူသစ်တွေကို မဖြစ်မနေ ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး ဘာစီလိုနာရဲ့ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူဖို့ မလွယ်ကူတော့တဲ့ အချိန်မှာ ရာဘီယော့ကို ပြောင်းလဲ ခေါ်ယူဖို့ မျက်စိကျနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက်ဖြစ်သူ ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်နဲ့ ရာဘီယော့တို့ရဲ့ အပြောင်းအရွှေ့ သတင်းက ယနေ့ညနေမှာပဲ မီဒီယာတွေထက် ရောက်ရှိခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်က ရာဘီယော့ကို ခေါ်ယူဖို့ ကာလရှည် စောင့်ကြည့် ဆွေးနွေးခဲ့ပြီး ဘရိုက်တန်ကို ရှုံးနိမ့်ပြီးချိန်မှာ အပြောင်းအရွှေ့ကို အရှိန်မြှင့် လုပ်ဆောင်လာတာဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က ရာဘီယော့ကို ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ ဂျူဗင်တပ်နဲ့ သဘောတူညီမှု ရရှိထားပြီး ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ရာဘီယော့ကို ခေါ်ယူနိုင်ဖို့ သူ့ရဲ့ အေးဂျင့်လည်းဖြစ် ၊ အုပ်ထိန်းသူလည်း ဖြစ်တဲ့ ရာဘီယော့ရဲ့ မိခင်နဲ့အတူ ဆွေးနွေးမှုတွေ ဆက်တိုက် ဆိုသလို ပြုလုပ်နေကြောင်း နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုက ဆိုပါတယ်။

Photo Credit: Standard

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ရာဘီယော့ကို ခေါ်ယူဖို့ ယခု နွေဈေးကွက် စတင်ချိန်ကတည်းက စိတ်ဝင်စားနေတာ ဖြစ်ပြီး ယခုအချိန်မှာတော့ အသင်းရဲ့ ကွင်းလယ်ပိုင်းကို မဖြစ်မနေ အင်အားဖြည့်တင်းရန် လိုအပ်နေတာကြောင့် ရာဘီယော့ကို ခပ်မြန်မြန် ခေါ်ယူပေးဖို့ အသင်းရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုခဲ့တာ ဖြစ်ကြောင်း နာမည်ကြီး သတင်းထောက် ဂျူလီယန် လော်ရန်က ထုတ်ဖော် ပြောကြားထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal Italia သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က လာမယ့် နာရီပိုင်းအတွင်းမှာပဲ ရာဘီယော့နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိနိုင်ပြီး ရာဘီယော့က မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားကြောင်း သိရှိထားရပါတယ်။