ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ စပိန်လာလီဂါ နာမည်ကြီး အသင်းတသင်း ဖြစ်တဲ့ ဗီလာရီးရဲလ်အသင်းရဲ့ စပိန်လက်ရွေးစင် နောက်ခံလူ ပါအူ တောရက်စ်ကို ခေါ်ယူဖို့ အတွက် အခြေအနေ ကောင်းနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ အသက် ၂၄နှစ် အရွယ် စပိန်လက်ရွေးစင် ပါအူ တောရက်စ်ဟာ ဗီလာရီးရဲလ်အသင်းရဲ့ အမာခံ ခံစစ်မှူးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာ ဗီလာရီးရဲလ်အသင်းကို ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့် အထိ ရောက်ရှိအောင် ကူညီပေးထားသူလည်း ဖြစ်ပါတယ်။

Photo Credit: Metro

တောရက်စ်ဟာ ဗီလာရီးရဲလ်အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမားတဦး ဖြစ်သလို အသင်းနဲ့ ၂၀၂၄ခုနှစ် အထိ သက်တမ်းရှိတဲ့ စာချုပ်တရပ် ရှိနေပေမယ့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ထိပ်တန်းအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးနေသူပါ။ မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ မကြာသေးမီကမှ အသင်းရဲ့ ဗဟိုနောက်ခံလူ ဖြစ်တဲ့ အဲရစ် ဘိုင်လီကို စာချုပ်သက်တမ်း တိုးထားပေမယ့် အသင်းရဲ့ ခံစစ်ပိုင်းကို အင်အားမြှင့်တင်ဖို့ ကြံရွယ်နေတဲ့ အသင်းတသင်း ဖြစ်ပြီး ဗီလာရီးရဲလ်အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ တောရက်စ်ဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ်ဖြစ်ကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြထားပါတယ်။

Photo Credit: Metro

စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာနတခု ဖြစ်တဲ့ El Largueroရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပါအူ တောရက်စ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေ အလွန်အမင်း ကောင်းမွန်နေကာ ယူရိုပြိုင်ပွဲမတိုင်မီ အပြီးသတ် ခေါ်ယူဖို့ ကြိုးစားနေကြောင်း သိရပါတယ်။ ထို့အပြင် ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ရိုးမားအသင်းတို့ရဲ့ ပွဲစဉ်အပြီး မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ရက်ဖို့ဒ် တင်ခဲ့တဲ့ အင်စတာဂရမ်က ပို့စ်တခုအောက်မှာ တောရက်စ်ဟာ “မကြာမီ” ဆိုတဲ့ စကားကို နာမည်ကြီး ဘောလုံး သတင်းထောက်ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုနဲ့ ပြောခဲ့တာကြောင့် တောရက်စ် တယောက် မကြာခင်မှာပဲ ယူနိုက်တက်အသင်းရဲ့ ကစားသမား ဖြစ်လာတော့မယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ တောရက်စ်ကို ခေါ်ယူချင်ပါက ဗီလာရီးရဲလ်အသင်းကို ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင်ခန့် ပေးချေရနိုင်ပါတယ်။