အင်္ဂလန် ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းခွင့် ရထားတဲ့ ပြင်သစ်ကလပ် မာဆေးလ်အသင်းရဲ့ ကွင်းလယ်လူ ကာမာရာကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် ယူ-၂၁ လက်ရွေးစင် ကွင်းလယ်လူ ကာမာရာဟာ ဗဟိုကွင်းလယ် ၊ ကွင်းလယ်ခံစစ်နဲ့ ဗဟိုနောက်ခံလူ အဖြစ် ကစားနိုင်တဲ့ ကစားသမား တဦး ဖြစ်ပြီး မာဆေးလ်အသင်းရဲ့ မရှိမဖြစ် ကစားသမား တဦးလည်း ဖြစ်ပါတယ်။

Photo Credit: The Sun

ကာမာရာဟာ မာဆေးလ်အသင်းရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပေမယ့် သူ့ရဲ့ ကစားသမားဘဝ နောက်တဆင့်ဆီ တက်လှမ်းနိုင်ဖို့ အတွက် မာဆေးလ်အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချထားပြီး အသင်းပြောင်းဖို့ လုပ်ဆောင်နေသူပါ။

နာမည်ကြီး ပြင်သစ် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ GFFN သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူတွေဟာ ကာမာရာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ ဆက်တိုက် ဆိုသလို ပြုလုပ်ထားသလို ဆွေးနွေးမှုတွေကလည်း အဆင်ပြေတာကြောင့် လာမယ့် ဇန်နဝါရီ ၁ရက်နေ့မှာပဲ ကာမာရာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ကြောင်း ထုတ်ပြန် ကြေညာနိုင်တယ် လို့ သိရပါတယ်။

Photo Credit: The Sun

မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ နီးစပ်သူတွေကလည်း အဆိုပါသတင်းကို အတည်ပြုပေးထားပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ ကွင်းလယ်လူ ပေါ့ဘာရဲ့နေရာ အတွက် ကာမာရာကို အစားထိုးမှု တရပ် အဖြစ် ရှုမြင်ထားကြောင်း ပြောကြားထားပါတယ်။

လက်ရှိမှာတော့ ကာမာရာကို ခေါ်ယူဖို့ လီဗာပူးအသင်း ၊ အာဆင်နယ်အသင်းတို့လို ထိပ်တန်းအသင်းတွေက စိတ်ဝင်စားနေကြပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ ကာမာရာကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေပါတယ်။