ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အာဂျင်တီးနား ထိပ်သီးကလပ် ရေးဗားပလိတ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဂျူလီယန် အယ်ဗာရက်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး အယ်ဗာရက်ဟာ ဇန်နဝါရီလရဲ့ ပထမနှစ်ပတ် အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားသစ် ဖြစ်လာနိုင်ကြောင်း အာဂျင်တီးနား အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး အယ်ဗာရက်ဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ရေးဗားပလိတ်အသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီး သူ့ရဲ့ စာချုပ် ဖျက်သိမ်းကြေး ကတော့ ယူရို ၂၅သန်း ဝန်းကျင် ရှိပါတယ်။

Photo Credit: Express

ရေးဗားပလိတ်အသင်းရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အယ်ဗာရက်ဟာ မကြာခင်ကမှ နှလုံးရောဂါကြောင့် ကစားသမား ဘဝ ကနေ အနားယူသွားတဲ့ မန်ချက်စတာ စီးတီး ဂန္တဝင် တိုက်စစ်မှူး ဆာဂျီယို အဂူရိုလို တိုးအား ရုန်းအား ကောင်းတဲ့ ကစားသမား တဦး ဖြစ်ပြီး တောင်ပံတိုက်စစ်နဲ့ နောက်ချန်တိုက်စစ် နေရာတွေမှာပါ ကစားနိုင်စွမ်း ရှိသူပါ။

အယ်ဗာရတ်ဟာ ပြီးခဲ့တဲ့ အာဂျင်တီးနား ဘောလုံးရာသီမှာ ရေးဗားပလိတ်အသင်းနဲ့ အတူ အမြင့်မားဆုံး ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီး ပြိုင်ပွဲစုံမှာ ၄၆ပွဲ ပါဝင် ကစားခဲ့ရာ သွင်းဂိုး ၂၄ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ အယ်ဗာရတ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြတဲ့ ဥရောပ ထိပ်သီးအသင်းတွေ အများအပြား ရှိနေပြီး တောင်အမေရိက အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ TYC Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အခြားအသင်းတွေထက် လက်ဦးမှု ရယူကာ အယ်ဗာရက်ကို ခေါ်ယူဖို့ ကြိုးစားနေကာ အယ်ဗာရတ်ရဲ့ စာချုပ် ဖျက်သိမ်းကြေးကို ပေးချေဖို့လည်း အဆင်သင့် ရှိနေကြောင်း သိရပါတယ်။

မန်ချက်စတာ ညနေခင်း သတင်းဌာနကလည်း မန်ချက်စတာ ယူနိုက်တက်အနေနဲ့ အယ်ဗာရက်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်းကို အတည်ပြုပေးခဲ့သလို အယ်ဗာရက်ရဲ့ အေးဂျင့်တွေဟာ လာမယ့် ရက်ပိုင်း အတွင်းမှာပဲ မန်ချက်စတာမြို့ဆီ လာရောက်ကာ အယ်ဗာရက်ရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးဖို့ စီစဉ်ထားကြောင်း ဖော်ပြထားပါတယ်။