ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က လာမယ့် ၄၈နာရီ အတွင်းမှာ စီးရီးအေကလပ် အတ္တလန်တာရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဟွိုင်လန်းကို ခေါ်ယူဖို့ အတ္တလန်တာနဲ့ တရားဝင် သဘောတူညီမှု ရယူနိုင်တော့မယ်လို့ ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေ အားလုံးက တညီတညွတ်ထဲ ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်းကို ဖာထေးနိုင်ဖို့ အတွက် ဒိန်းမတ် ၊ အတ္တလန်တာတို့နဲ့ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ဟွိုင်လန်းကို ခေါ်ယူဖို့ ယခု နွေဈေးကွက် စတင်ချိန်ကတည်းက ကြိုးပမ်းနေခဲ့တာပါ။

Photo Credit: Goal

အသက် ၂၀ အရွယ် ဒိန်းမတ်လက်ရွေးစင် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဟွိုင်လန်းက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာမှ ဥရောပ ဘောလုံးဇာတ်ခုံပေါ်ကို ရောက်ရှိလာသူ ဖြစ်ပေမယ့် ပြေးအား ၊ တိုးအား ကောင်းသလို မခိုမကပ် ကစားလေ့ ရှိတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က သူ့ကို အမိအရ ခေါ်ယူဖို့ ဆုံးဖြတ်ထားတာပဲ ဖြစ်ပါတယ်။

ဟွိုင်လန်းနဲ့ သူ့ရဲ့ မိသားစုကလည်း မန်ချက်စတာ ယူနိုက်တက်ရဲ့ အမာခံပရိသတ်တွေ ဖြစ်ကြတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှု ရောက်လာချိန်မှာ ဟွိုင်လန်းက နှစ်ခါပြန်တောင် မစဉ်းစားတော့ပဲ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ခဲ့ပါတယ်။

Photo Credit: Football Transfer

နာမည်ကြီး အီတလီ သတင်းထောက် ဖြစ်သူ ပက်ဒူလာရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ဟွိုင်လန်းကို စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို ၇၅သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ အတ္တလန်တာနဲ့ သဘောတူညီမှု ရရှိရန် နီးစပ်နေပြီး အတ္တလန်တာနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က လာမယ့် ၄၈နာရီ အတွင်းမှာ ဟွိုင်လန်းအတွက် တရားဝင် သဘောတူညီမှု ရရှိရန် ရှိနေကြောင်း သိရပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း ဟွိုင်လန်းဟာ မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရှိဖို့ အလွန်အမင်း နီးစပ်နေပြီ ဖြစ်ကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားပြီး ဟွိုင်လန်းဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ မကြာခင်မှာ ဆေးစစ်ရဖို့ ရှိနေတာကြောင့် ယနေ့ညမှာ ကစားမယ့် အတ္တလန်တာနဲ့ ဘုန်းမောက် ခြေစမ်းပွဲကိုတောင် ဝင်ကစားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။