နယ်သာလန် နာမည်ကြီးကလပ် ပီအက်စ်ဗွီရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ ဂတ်ပိုက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားသစ် ဖြစ်လာတော့မယ်လို့ ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး တဦး ဖြစ်သူ ခရစ္စတီယာနို ရိုနယ်ဒိုနဲ့ လမ်းခွဲပြီးနောက် အားနည်းသွားတဲ့ အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အစားထိုး တိုက်စစ်မှူး တဦး ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး နယ်သာလန်နဲ့ ပီအက်စ်ဗွီတို့ရဲ့ အဓိက တိုက်စစ်မှူး ဂတ်ပိုဟာ ယူနိုက်တက်ရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Team Talk

အသက် ၂၃နှစ် အရွယ် နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး ဂတ်ပိုက ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ပီအက်စ်ဗွီနဲ့အတူ တောက်ပလာတဲ့ လူငယ် တိုက်စစ်မှူး တဦး ဖြစ်ပြီး သူဟာ ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဗွီ အတွက် ပြိုင်ပွဲစုံ ၂၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၃ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၇ကြိမ် ပြုလုပ်နိုင်ခဲ့သလို နယ်သာလန်နဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာလည်း သွင်းဂိုး ၃ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က ဂတ်ပိုကို အသင်းရဲ့ အနာဂတ် တိုက်စစ်မှူး အဖြစ် ရှုမြင်နေပြီး ဂတ်ပိုကို ဆောင်းဈေးကွက် အတွင်းမှာပဲ ခေါ်ယူပေးဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ထံ တောင်းဆိုခဲ့ပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက်တွေ ဖြစ်တဲ့ အဲလက်စ်ကွတ်ခ်နဲ့ ဂျရေမီ ဘိုင်လေတို့ရဲ့ ဖော်ပြချက်တွေအရ ယူနိုက်တက်ရဲ့ ဘုတ်အဖွဲ့က အဲရစ် တန်ဟက်ဂ်ရဲ့ တောင်းဆိုမှုအတိုင်း ဂတ်ပိုကို ခေါ်ယူပေးဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီး ဂတ်ပိုအတွက် စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း အထက် သုံးစွဲဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။

တဖက်မှာလည်း ဂတ်ပိုက သူ့ကို စိတ်ဝင်စားလာတဲ့ တခြား ဥရောပ နာမည်ကြီးအသင်းတွေထက် သူနဲ့ တနိုင်ငံထဲသား နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပြီး ပီအက်စ်ဗွီရဲ့ နည်းပြချုပ်ဖြစ်သူ နစ္စတယ်ရွိုင်းကလည်း ဂတ်ပိုကို သူ့ရဲ့ အသင်းဟောင်း ယူနိုက်တက်ဆီသာ ရောင်းချချင်နေကြောင်း နယ်သာလန် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြထားတာကြောင့် ဂတ်ပိုဟာ မကြာခင်မှာပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားသစ် ဖြစ်လာဖို့ သေချာနေပါတယ်။