ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် နွေအပြောင်းအရွှေ့မှာ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ ၉၀ ရာခိုင်နှုန်းကျော် သေချာသွားခဲ့ပြီလို့ ဘာစီလိုနာနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ဂျာရတ် ရိုမဲရိုးက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

စပိန်လူမျိုး နာမည်ကြီး သတင်းထောက် ဂျာရတ် ရိုမဲရိုးက ဘာစီလိုနာရဲ့ အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ရင် ယုံကြည် စိတ်ချရတဲ့ သတင်းထောက် တဦး ဖြစ်ပြီး ဘာစီလိုနာက ဇာဗီကို နည်းပြသစ် အဖြစ် ခန့်အပ်မယ် ဆိုတဲ့ သတင်း ၊ ဘာစီလိုနာက ဖာရန်း တောရက်စ်နဲ့ အဲလ်ဗက်တို့ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဆိုတဲ့ သတင်းတွေကို ပထမဦးဆုံး ဖော်ပြခဲ့တဲ့ သတင်းထောက် တဦးပါ။

Photo Credit: Mirror

ယနေ့မနက် အစောပိုင်းမှာတော့ ဂျာရတ် ရိုမဲရိုးက မန်ချက်စတာ ယူနိုက်တက်ဟာ ဒီဂျောင်ကို ခေါ်ယူဖို့ ၉၅ရာခိုင်နှုန်း သေချာနေပြီး မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်အတွက် ဘာစီလိုနာထံ ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းနဲ့ ၈၀သန်းကြား ပေးချေရဖို့ ရှိနေကြောင်းနဲ့ ဘာစီလိုနာက ဘဏ္ဍာရေး အကြပ်အတည်းကို ဖြေရှင်းနိုင်ရန် ဒီဂျောင်ကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြသွားခဲ့တာပဲ ဖြစ်ပါတယ်။

အသက် ၂၅နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဗဟိုကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ဟာ ဘာစီလိုနာရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က ရာသီကုန်ရင် အသင်းကနေ ထွက်ခွာတော့မယ့် ကွင်းလယ်လူ ပေါလ် ပေါ့ဘာရဲ့ နေရာအတွက် ဒီဂျောင်ကို ခေါ်ယူဖို့ ဆုံးဖြတ်ထားတာပါ။

Photo Credit: Mirror

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် အဲရစ် တန်ဟက်ဂ်က သူ့ရဲ့ တပည့်ဟောင်း ဒီဂျောင်နဲ့အတူ ပြန်လည် လက်တွဲဖို့ ဆန္ဒရှိနေတာကြောင့် မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်ကို ခေါ်ယူဖို့ အရှိန်မြှင့် ကြိုးပမ်းလာတာ ဖြစ်ပြီး ဒီဂျောင်ကလည်း သူ့ရဲ့ ဆရာရင်း ဖြစ်သူ တန်ဟက်ဂ် ၊ အချစ်ဆုံး သူငယ်ချင်း ဗန်ဒီဘိခ်တို့နဲ့အတူ မန်ချက်စတာ ယူနိုက်တက်မှာ ပြန်လည် ဆုံစည်းဖို့ စိတ်ဆန္ဒပြင်းပျနေပါတယ်။