ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား တဦး ဖြစ်တဲ့ ပြင်သစ်ကလပ် ရန်းနက်စ်အသင်းရဲ့ လူငယ် ကွင်းလယ်လူ ကာမာဗင်ဂါကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း သိရပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ကာမာဗင်ဂါဟာ အသက် ၁၆နှစ် အရွယ်ထဲက ဥရောပတလွှားမှာ အကောင်းဆုံး ဆယ်ကျော်သက် ကွင်းလယ်လူ အဖြစ် သတ်မှတ်ခြင်းကို ခံထားရသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အဲ့ဒီအချိန်ထဲက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Express

ဒါပေမယ့် အဆိုပါအချိန်တုန်းက ကာမာဗင်ဂါဟာ သူ့ရဲ့ ကစားသမားဘဝ တိုးတက်မှု အတွက် ရန်းနက်စ်အသင်းမှာသာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာတော့ ကာမာဗင်ဂါဟာ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိတဲ့ ထိပ်တန်း အသင်းကြီး တသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားသလို ရန်းနက်စ်အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကိုလည်း ငြင်းဆန်ခဲ့ပါတယ်။

ကာမာဗင်ဂါဟာ ရန်းနက်စ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား ဖြစ်တာကြောင့် ရန်းနက်စ်အသင်းဟာ သူ့ကို ယခုနှစ် နွေဈေးကွက် အတွင်းမှာပဲ မဖြစ်မနေ ရောင်းချရတော့မှာ ဖြစ်ကာ လက်ရှိမှာတော့ ကာမာဗင်ဂါကို ခေါ်ယူဖို့ အတွက် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့က စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Express

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ ရန်းနက်စ်အသင်းဟာ ကာမာဗင်ဂါ အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း အလိုရှိနေကာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကာမာဗင်ဂါကို ခေါ်ယူနိုင်ဖို့ သူ့ရဲ့ အေးဂျင့်တွေနဲ့ တွေ့ဆုံ ဆွေးနွေးနေသလို ရန်းနက်စ်အသင်းက တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းကိုလည်း ပေးချေဖို့ အခက်အခဲ မရှိကြောင်း သိရပါတယ်။

ပြင်သစ် အခြေစိုက် သတင်းဌာနတွေကလည်း ကာမာဗင်ဂါဟာ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ အရမ်းကို နီးစပ်နေကြောင်းနဲ့ ပီအက်စ်ဂျီအသင်းဟာ ကာမာဗင်ဂါကို ခေါ်ယူဖို့ စိတ်ဝင်စားပေမယ့် လက်ရှိအချိန် အထိ စောင့်ကြည့်နေဆဲ အဆင့်မှာသာ ရှိသေးတာကြောင့် မကြာခင်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကာမာဗင်ဂါနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်တော့မယ်လို့ ယနေ့ မနက်ပိုင်းမှာ ဖော်ပြထားကြပါတယ်။