ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြင်သစ်ကလပ် ရန်းနက်စ်အသင်းရဲ့ လူငယ် ကွင်းလယ်လူ ကာမာဗင်ဂါကို ခေါ်ယူနိုင်ဖို့ ပိုမို နီးစပ်လာကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ညာတောင်ပံ ကစားသမား ဆန်ချိုနဲ့ ဗဟိုနောက်ခံလူ ဗာရန်းတို့ကို ခေါ်ယူနိုင်ပြီးနောက် နောက်ထပ် ကစားသမားသစ် တဦးကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်း ဖြစ်ပြီး သူတို့ဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းနဲ့ ညာနောက်ခံလူ နေရာတို့ကို အင်အား ဖြည့်တင်းဖို့ စီစဉ်နေပါတယ်။

Photo Credit: Mirror

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကွင်းလယ်နေရာ အတွက် ရန်းနက်စ်အသင်းရဲ့ ကာမာဗင်ဂါ ၊ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ဆာအူလ်နဲ့ ဝုဗ်အသင်းက နီဗက်တို့ကို ခေါ်ယူဖို့ စောင့်ကြည့်နေပေမယ့် ပြောင်းရွှေ့ကြေး ယူရို ၃၅သန်း ဝန်းကျင်လောက်နဲ့ ခေါ်ယူနိုင်မယ့် ကာမာဗင်ဂါဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ကာမာဗင်ဂါဟာ ရန်းနက်စ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး ရန်းနက်စ်အသင်း ကနေ ယခုနှစ် နွေဈေးကွက် (သို့) လာမယ့် နွေဈေးကွက်မှာ ထွက်ခွာဖို့ ဆုံးဖြတ်ထားသူပါ။

Photo Credit: Mirror

ရန်းနက်စ်အသင်းက သူတို့အသင်းရဲ့ အကောင်းဆုံး ကစားသမားကို လာမယ့် နွေဈေးကွက်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပြုဖို့ထက် ယခုနှစ် နွေဈေးကွက်မှာပဲ ပြောင်းရွှေ့ကြေး ယူရို ၃၅သန်း ဝန်းကျင်နဲ့ ရောင်းထုတ်ချင်နေပေမယ့် ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ချင်နေတဲ့ ကာမာဗင်ဂါကတော့ သူ့ရဲ့ အနာဂတ်အတွက် စဉ်းစားနေဆဲ ဖြစ်ပါတယ်။

မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ ကာမာဗင်ဂါရဲ့ အေးဂျင့်ဖြစ်သူ ဘားနက်ဟာ သူ့ရဲ့ ကစားသမားကို မန်ချက်စတာ ယူနိုက်တက်အသင်းဆီသာ ပြောင်းရွှေ့ဖို့ တိုက်တွန်းမှုတွေ ပြုလုပ်နေကြောင်းနဲ့ ဘားနက်ရဲ့ ကြိုးပမ်းမှုကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကာမာဗင်ဂါကို ခေါ်ယူနိုင်ဖို့ ပိုမို နီးစပ်လာပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခု နွေဈေးကွက် မပိတ်သိမ်းမီ ကာမာဗင်ဂါကို ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေကြောင်း သိရပါတယ်။