ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်းတစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းမှာ နည်းပြလမ်းပတ် မရှိတော့တဲ့ အနေအထားကြောင့် ဝက်စ်ဟမ်းအသင်းရဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ အတွက် ပိုမို အခြေအနေ ကောင်းလာခဲ့ကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက အခိုင်အမာ ဖော်ပြ သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ချယ်လ်ဆီးအသင်း ကနေ ထုတ်ပယ်ခံရတဲ့ လမ်းပတ်ဟာ အသင်းရဲ့ အကယ်ဒမီ ကစားသမားဟောင်း ဖြစ်သူ ဝက်စ်ဟမ်းအသင်းရဲ့ အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းထံ အရခေါ်ယူဖို့ စီစဉ်ထားသူ ဖြစ်ပေမယ့် ချယ်လ်ဆီး အသင်းကနေ ထုတ်ပယ်ခံခဲ့ ရတာကြောင့် သူ့ရဲ့ အစီအစဉ်တွေ အားလုံးဟာ ပျက်စီးခဲ့ရသလို ဒီအချက်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ကောင်းမွန်တဲ့ အခွင့်အလမ်း တစ်ခု ဖြစ်လာပါတယ်။

Photo Credit: Sports Joe

မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ အသက် ၂၂နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဖြစ်သူ ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ အတွက် အဓိက ပြိုင်ဆိုင် နေတဲ့ အသင်းနှစ်သင်း ဖြစ်ပေမယ့် ချယ်လ်ဆီးအသင်းရဲ့ ဘုတ်အဖွဲ့ဟာ ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားခြင်း မရှိသလို လမ်းပတ်ဟာ ဒီကလန်ရိုက်စ်ကို မဖြစ်မနေ ခေါ်ယူပေးဖို့ ချယ်လ်ဆီးအသင်းရဲ့ ဘုတ်အဖွဲ့ထံ မကြာခဏ ဆိုသလို တောင်းဆိုခဲ့တာဟာ သူ့ကို ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့ အကြောင်းပြချက် ထဲက တစ်ခုဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာတာကြောင့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာ ယူနိုက်တက် အသင်း တစ်သင်းထဲကသာ ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ ကြိုးစားရမယ့် အနေအထားမှာ ရှိပါတယ်။

Photo Credit: Sports Joe

မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားဟာ လက်ရှိမှာ ဖရက်ဒ် ၊ တော်မီနေး ၊ မာတစ် စတဲ့ ကွင်းလယ်ခံစစ် နေရာမှာ ကစားနိုင်စွမ်း ရှိတဲ့ ကွင်းလယ်လူတွေကို ပိုင်ဆိုင် ထားပေမယ့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကွင်းလယ်ခံစစ် ကစားသမား တစ်ဦးကို ခေါ်ယူဖို့ လျာထားပြီး ဆိုးလ်ရှားရဲ့ အဓိက ပစ်မှတ်ဟာ ဒီကလန်ရိုက်စ် ဖြစ်ကြောင်း သိရပါတယ်။

ဝက်စ်ဟမ်းအသင်း ကလည်း လက်ရှိ ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာ ဒီကလန်ရိုက်စ်ကို ရောင်းချသွားမှာ မဟုတ်ဘူးလို့ ယတိပြတ် ဆိုထားပေမယ့် ဒီကလန်ရိုက်စ်ဟာ လာမယ့် ဘောလုံးရာသီမှာ ထိပ်တန်း အသင်းကြီး တစ်သင်းထံ ပြောင်းရွှေ့ဖို့ ရည်ရွယ် ထားတာကြောင့် ဝက်စ်ဟမ်းအသင်းဟာ နွေရာသီ အပြောင်းအရွှေ့မှာ ဒီကလန်ရိုက်စ်ကို ရောင်းချဖွယ် ရှိပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ဒီကလန်ရိုက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်း အထိ သတ်မှတ် ထားပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ အသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်သူ လင်ဂတ်ကို အလိုက်ပေးကာ ပေါင် ၆၀သန်းခန့်နဲ့ ဒီကလန်ရိုက်စ် အတွက် ကမ်းလှမ်းဖို့ ပြင်ဆင် နေပါတယ်။