အင်္ဂလန် ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဗာရန်းကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ဖို့ နီးစပ်နေကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ တွဲဖက်ကာ အသင်းရဲ့ ခံစစ်ကြောင်းကို ဦးဆောင်နိုင်မယ့် ဗဟိုနောက်ခံလူ တဦးကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်း ဖြစ်ပြီး ဗာရန်းဟာ သူတို့အသင်းရဲ့ အဓိက ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Daily Mail

အသက် ၂၈နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် လက်ရွေးစင် ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းက သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေပေမယ့် ဗာရန်းကတော့ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ချင်နေပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗာရန်းကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး ဗာရန်းရဲ့ အေးဂျင့်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ထားသလို ရီးရဲလ်မက်ဒရစ်အသင်းနဲ့လည်း တိုက်ရိုက် စကားပြောဆိုမှုတွေ ပြုလုပ်နေပါတယ်။

Photo Credit: Daily Mail

မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ နီးစပ်တဲ့ မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗာရန်းနဲ့ မကြာခင်မှာပဲ ပုဂ္ဂိုလ်ရေးအရ သဘောတူညီဖို့ နီးစပ်နေကာ ဗာရန်းဟာ နွေရာသီ အားလပ်ရက် ပြီးဆုံးပါက ရီးရဲလ်မက်ဒရစ်အသင်းဆီ မပြန်လိုတော့ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းထံသာ ပြောင်းရွှေ့ချင်တယ်လို့ သူ့ရဲ့ အေးဂျင့်တွေထံ ပြောဆိုထားကြောင်း သိရပါတယ်။

တဖက်မှာလည်း ရီးရဲလ်မက်ဒရစ်အသင်းက ဗာရန်းကို ရောင်းချဖို့ လမ်းဖွင့်ထားတာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗာရန်းအတွက် တရားဝင် စကားပြောဆိုမှုတွေ ပြုလုပ်ထားပြီး ရီးရဲလ်မက်ဒရစ် အသင်းဟာ ဗာရန်းအတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင် အလိုရှိနေပါတယ်။