ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမားတစ်ဦးဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ လူငယ်တောင်ပံ ကစားသမား ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့အတွက် သဘောတူညီမှု ရသွားပြီလို့ နာမည်ကြီးသတင်းဌာန အတော်များများက ဖော်ပြသွားခဲ့ကြပါတယ်။ မန်ယူအသင်းဟာ အသက်၂၀အရွယ် ဆန်ချိုကို ခေါ်ယူဖို့အတွက် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာကတည်းက ကြိုးစားခဲ့တဲ့ အသင်း ဖြစ်ပြီး လက်ရှိမှာတော့ ဆန်ချိုကို ခေါ်ယူနိုင်ဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်းနဲ့ ဒေါ့မွန်အသင်းဟာလည်း ဆန်ချို ကို ရောင်းချဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ESPN ၊ Sky Sports ၊ 90 Mins ၊ The Sun စတဲ့ သတင်းဌာနတွေက တညီတညွတ်ထဲ အတည်ပြုသွားခဲ့တာပါ။

Photo Credit: Sky Sports.com

ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ မန်ယူအသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်ကာ ဆန်ချိုဟာ မန်ယူအသင်းမှာ တစ်ပတ် လုပ်ခ ပေါင်၂သိန်းဝန်းကျင်အထိ ရရှိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒေါ့မွန်အသင်းဟာ ဆန်ချိုကို ရောင်းချရာမှာ မန်ယူအသင်းနဲ့အတူ ဒီရာသီမှာ တောက်ပနေတဲ့ လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ် ကို အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပြန်လည် လိုချင်ခဲ့ပေမယ့် မန်ယူအသင်း ကတော့ ဂရင်းဝုဒ်ကို ရောင်းချဖို့ စိတ်ကူး လုံးဝ မရှိကြောင်း သိရပြီးတဲ့နောက်မှာ ငွေသားသီးသန့် ကမ်းလှမ်းမှုကို လက်ခံသွားမှာ ဖြစ်တယ် လို့ သိရကာ ပြောင်းရွှေ့ကြေးကတော့ အနိမ့်ဆုံး ပေါင်၁၀၀သန်းရှိလိမ့်မယ်လို့ ခန့်မှန်းထားခဲ့ပါတယ်။

Photo Credit: Sky Sports.com

The Sun သတင်းစာကတော့ မန်ယူအသင်း ဟာ ဆန်ချိုအတွက် ဒေါ့မွန်အသင်းထံကို ယူရို ၁၃၀သန်း ဝန်းကျင်အထိ ပေးချေရမှာဖြစ်တယ် လို့ ဖော်ပြထားခဲ့ပြီး ဆန်ချိုဟာ ငယ်စဉ်က အားပေးခဲ့တဲ့ ချယ်လ်ဆီးအသင်းကို ကျော်လွန်ကာ မန်ယူအသင်းကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ရေးသားသွားခဲ့ပါတယ်။ Sky Sports သတင်းဌာနကတော့ မန်ယူအသင်းဟာ စပါးအသင်းရ​ဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးကာ ခေါ်ယူသွားမှာ မဟုတ်ပဲ ဒေါ့မွန်အသင်းရဲ့ ဆန်ချိုကိုသာ ခေါ်ယူသွားဖို့ ကြိုးစားနေတယ်လို့ အတည်ပြုထားခဲ့ပြီး ဆန်ချိုနဲ့ မန်ယူအသင်းရဲ့ အပြောင်းအရွှေ့ဟာ ပြီးမြောက် ဖို့ အရမ်းကို နီးစပ်နေပြီလို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် Sky Sports သတင်းဌာနက ဆန်ချိုရဲ့ တန်ကြေးဟာ ပေါင်၁၁၀သန်းဝန်းကျင် ရှိနိုင် တယ် လို့ ခန့်မှန်းထားခဲ့ပါတယ်။