ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ယူအသင်းဟာ လေဗာကူဆင်အသင်းနဲ့အတူ တောက်ပနေတဲ့ အသက်၂၀အရွယ် လူငယ် ကွင်းလယ် တိုက်စစ် ကစားသမား ဟားဗက်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ အကြောင်းကို ဂျာမန် အခြေစိုက် သတင်းဌာန အတော်များများက ဖော်ပြ သွားခဲ့ကြပါတယ်။ အိုဇေးလ်လက်သစ် လို့ နာမည်ကြီးနေတဲ့ ကိုင်ဟားဗက်ဟာ လေဗာကူဆင်အသင်းရဲ့ အဓိက ကစားသမားတစ်ဦး အဖြစ် ခြေစွမ်းပြထားနိုင်သူ ဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာ ဘွန်ဒက်လီဂါပွဲစဉ် ၂၆ပွ​ဲ ကစားထားရာမှာ ၁၁ဂိုး သွင်းယူထားပြီး ၅ဂိုး အထိ ဖန်တီးပေးထားနိုင်သူပါ။

Photo Credit: Metro

ဟားဗက်ဟာ လေဗာကူဆင်အသင်းမှာ ညာတောင်ပံတိုက်စစ် ၊ ကွင်းလယ်တိုက်စစ်နဲ့ နောက်ချန်တိုက်စစ်မှူး နေရာတို့မှာ ကစားလေ့ ရှိသူ ဖြစ်ပြီး ဘောလုံးလမ်းကြောင်း တွက်ဆမှု အားကောင်းသလို ဖြတ်တင်ဘောတွေ ပေးပို့ရာမှာလည်း တော်တော်လေး တိကျ သေသပ်မှုရှိတဲ့ ကစားသမားတစ်ဦးပါ။ ဒါ့ကြောင့်လည်း ဂျာမန်ဘောလုံး သုံးသပ်သူတွေက ဟားဗက်ကို အာဆင်နယ်အသင်းရဲ့ အဓိက ကွင်းလယ်လူ ဖြစ်တဲ့ မီဆွတ်အိုဇေးလ်ရဲ့ ကစားဟန်အတိုင်း ကစားတတ်သူလို့ သုံးသပ်ထားကြပါတယ်။ လက်ရှိမှာတော့ ဂျာမန်နာမည်ကြီး သတင်းစာတွေက ဟားဗက်ဟာ ယခု ရာသီကုန်မှာ လေဗာကူဆင်အသင်းကနေ ပရီးမီးယားလိဂ် အသင်းကြီးတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းထံကို ရွှေ့ပြောင်းဖို့ အသင့်ဖြစ်နေပြီလို့ ဆိုထားကြပါတယ်။

Photo Credit: Metro

မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာန ဖြစ်တဲ့ မန်ချက်စတာညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရလည်း မန်ယူအသင်းဟာ သူတို့ အသင်းရဲ့ ညာတောင်ပံတိုက်စစ်ကို အင်အား ဖြည့်တင်းဖို့ စီစဉ်နေကြပြီး ဟားဗက်ကို ပေါင် ၇၀သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းထားတယ်လို့ သိရှိရပါတယ်။ ဟားဗက်ဘက်ကလည်း မန်ယူအသင်းထံကို ပြောင်းရွှေ့ဖို့ လမ်းဖွင့်ပေးထားကြောင်း ဂျာမန်သတင်းထောက်တွေက ဆိုထားကြပြီး မန်ယူအသင်းဟာ ဆန်ချိူကို ခေါ်ယူဖို့ အခက်အခဲ ဖြစ်လာချိန်မှာ ဟားဗက်ကို ပြောင်းလဲ ခေါ်ယူတာ ဖြစ်နိုင်ကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက ဆိုထားကြပါတယ်။ ကိုင် ဟားဗက်အနေနဲ့ လေဗာကူဆင်အသင်းကနေ ထွက်ခွာဖို့ အတွက် နီးစပ်နေတဲ့ အကြောင်းကို လေဗာကူဆင်နည်းပြ ဖြစ်သူ မာဆယ်ကလည်း အတည်ပြုထားတာကြောင့် ဟားဗက်နဲ့ မန်ယူအသင်းတို့ရဲ့ အပြောင်းအရွှေ့ဟာ စိတ်ဝင်တစား စောင့်ကြည့်သွားရမယ့် အပြောင်းအရွှေ့လို့ ဆိုရမှာပါ။