ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို အသင်းမှာ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးစားနေပြီး စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ နီးစပ်နေကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေတာပဲ ဖြစ်ပါတယ်။

Photo Credit: The Mirror

ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်သလို အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦးလည်း ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူ့ကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းဖို့ ဆန္ဒရှိနေပြီး ပေါ့ဘာကတော့ သူ့အတွက် ကစားသမားဘဝ အမြင့်မားဆုံး အောင်မြင်မှုတွေ ရယူပေးနိုင်မယ့် အသင်းတသင်းကို ပြောင်းရွှေ့ဖို့ စဉ်းစားနေပါတယ်။

ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် ဘောလုံးကွင်းတွေထဲကို ပရိသတ်တွေ ဝင်ရောက် ကြည့်ရှုခွင့် ပိတ်ပင်ခဲ့တာဟာ ၁နှစ်ကျော် ကြာမြင့်ခဲ့တာကြောင့် လက်ရှိမှာ ဥရောပ အသင်းကြီးတချို့ဟာ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံတွေ့နေရပြီး ပီအက်စ်ဂျီအသင်းကလွဲရင် ဘယ်အသင်းကမှ သူ့ကို ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ဆန္ဒမရှိကြပါဘူး။

Photo Credit: The Mirror

တဖက်မှာလည်း ပီအက်စ်ဂျီအသင်းဟာ ဒွန်နာရမ်မာ ၊ ဆာဂျီယို ရာမို့စ် ၊ ဟာခီမီ စတဲ့ ကစားသမားတွေကို ခေါ်ယူခဲ့ရာမှာ မြင့်မားတဲ့ လုပ်ခလစာတွေ ပေးချေထားရတာကြောင့် ပေါ့ဘာကို မြင့်မားတဲ့ လုပ်ခလစာ ပေးချေကာ ခေါ်ယူဖို့ ဖြစ်နိုင်ဖွယ် မရှိတာကြောင့် ပေါ့ဘာကသာ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ချင်ပါက မဖြစ်မနေ လုပ်ခလစာ လျှော့ယူရဖို့ ရှိနေပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပေါ့ဘာကို အသင်းမှာ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ပိုမို အခွင့်အရေး များပြားလာပြီး လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပေါ့ဘာကို အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုပါက အသင်းရဲ့ စံချိန်တင် လုပ်ခလစာ ဖြစ်တဲ့ တနှစ်လုပ်ခ ပေါင် ၂၂သန်း အထိ ပေးချေမယ်လို့ ကမ်းလှမ်းထားကာ ပေါ့ဘာကလဲ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ နီးစပ်နေကြောင်း နာမည်ကြီး အီတလီ အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Calcio Mercato သတင်းဌာနက ဖော်ပြလာပါတယ်။