လတ်တလောမှာ ရလဒ်ကောင်းအများစုနဲ့ အတူ အမှတ်ပေးဇယားရဲ့ ထိပ်ပိုင်းနားကို ပြန်တက်လာခဲ့တ​ဲ့ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး မန်ယူအသင်းဟာ လာမယ့်ရာသီ အတွက် ကစားသမားခေါ်ယူမှုတွေကို စတင်ပြီး လုပ်ဆောင်နေပါပြီ။ မန်ယူအသင်းဟာ အင်္ဂလန် ချန်ပီယံရှစ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဘာမင်ဂမ်အသင်းရဲ့ အသက်၁၆နှစ်အရွယ် ကွင်းလယ်လူ ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်ဖို့ အလွန်အမင်း နီးစပ်နေပြီး ဘယ်လင်ဟမ်နဲ့ သူ့ရဲ့ မိဘတွေဟာ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးဖို့ မန်ချက်စတာမြို့ကို ရောက်လာကြပြီး မန်ယူအသင်းရဲ့ လေ့ကျင့်ရေးကွင်းဆီ လာရောက်ခဲ့ကြတယ်လို့ သတင်းတေ​ွက အခိုင်အမာ ဖော်ပြသွားခဲ့ကြပါတယ်။

Photo Credit: Sky Sports.com

လာမယ့် ဇွန်လရောက်မှ အသက်၁၇နှစ် ပြည့်မယ့် ဘယ်လင်ဟမ်ဟာ လက်ရှိဘောလုံး ရာသီမှာ ဘာမင်ဂမ်အသင်းရဲ့ အဓိက ကစားသမား တစ်ဦးအဖြစ် ခြေစွမ်းပြနေသူဖြစ်ပြီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ ၃၂ပွဲအထိ ပါဝင်ကစားပေးထားကာ ၄ဂိုးသွင်းယူထားပြီး ၂ဂိုးဖန်တီးပေးထားနိုင်သူ ဖြစ်ပါတယ်။ မန်ချက်စတာမြို့ အခြေစိုက် ဘောလုံးသတင်းတွေရဲ့ အဆိုအရ ဘယ်လင်ဟမ်ဟာ မန်ယူအသင်းထံ ပြောင်းရွှေ့လာဖို့အတွက် ဆွေးနွေးမှုတွေ စတင်နေပြီ ဖြစ်ကြောင်းနဲ့ အပြောင်းအရွှေ့ကို မန်ယူအသင်းရဲ့ ဒုတိယဥက္ကဌဖြစ်သူ အက်ဝုဒ်ဝက်ကိုယ်တိုင် က ဦးဆောင်ပြီး လုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit: Metro.com

အသက်၁၆နှစ်အရွယ် ဘယ်လင်ဟမ်ရဲ့စျေးကွက်တန်ကြေးဟာ ပေါင်၃၅သန်းဝန်းကျင် အထိရှိပြီး မန်ချက်စတာမြို့အခြေစိုက် သတင်းဌာနတွေကတော့ မန်ယူအသင်းဟာ အဆိုပါ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ ဆန္ဒရှိနေတာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်လာနိုင်ချေဟာ အလွန်ကို များပြားနေတယ်လို့ ရေးသား ဖော်ပြနေကြပါတယ်။ လက်ရှိမှာ ဘယ်လင်ဟမ် ကို ခေါ်ယူဖို့အတွက် မန်ယူအသင်းနဲ့အပြိုင် ဒေါ့မွန်အသင်းက စိတ်ဝင်စားနေတာဖြစ်ပြီး ဒေါ့မွန် အသင်းဟာ မန်ယူအသင်းလိုပဲ ဘယ်လင်ဟမ် ကို ပေါင်၃၅သန်းနဲ့ ကမ်းလှမ်းထားတာကြောင့် မန်ယူအသင်းအနေနဲ့ ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ ခပ်မြန်မြန် ခပ်သွက်သွက် လှုပ်ရှားဖို့လည်း လိုအပ်ပါတယ်။