ပြီးခဲ့တဲ့ Super Sunday ညက အန်ဖီးလ်ကွင်းအတွင်းမှာ ကျင်းပသွားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ အင်္ဂလန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်ကတော့ တစ်ဖက်မှ သွင်းဂိုးတွေ ရယူနိုင်ခြင်းမရှိပဲ ဂိုးမရှိသရေနဲ့သာ အဆုံးသတ်ခဲ့ရပေမယ့်လည်း နှစ်သင်းလုံးကတော့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြတာဖြစ်လို့ ပွဲက အလွန်ကြည့်ကောင်းခဲ့သလို ဒီပွဲကိုလည်း ဗြိတိန်နိုင်ငံအတွင်းမှာ (၄.၈)သန်းထိ ရုပ်သံကနေ ကြည့်ရှုအားပေးခဲ့လို့ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတလျှောက် ရုပ်သံကနေ အားပေးမှုအများဆုံးစံချိန်သစ်ကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Photo Credit : Twitter

အခုကာလက ကိုဗစ်ဗိုင်းရပ်စ်ကြောင့် ဘောလုံးကွင်းအတွင်းကို ပရိသတ်တွေ လာရောက်အားပေးဖို့ မဖြစ်နိုင်တဲ့ အချိန်အခါဖြစ်နေတာကြောင့် ဘောလုံးပရိသတ်များစွာက ဘောလုံးပွဲတွေကို ရုပ်သံကနေပဲ အားပေးကြည့်ရှုနေရပြီး အင်္ဂလန်ဒါဘီလို့ တင်စားခေါ်ဆိုရတဲ့ လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်ကိုလည်း နှစ်ဖက်အသင်းရဲ့ ပရိသတ်တွေနဲ့ ဘောလုံးချစ်ပရိသတ်တွေက ရုပ်သံကနေ အမှန်အကန် ကြည့်ရှုခဲ့ရတာကြောင့် ဗြိတိန်သမိုင်းတလျှောက် ရုပ်သံကနေ ကြည့်ရှသူအများဆုံး ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲအဖြစ်နဲ့ပါ စံချိန်တင်သွားခဲ့ရပါတယ်။

Photo Credit : Twitter

ယခင်ကတော့ မန်စီးတီးနဲ့ ယူနိုက်တက်အသင်းတို့ ၂၀၁၂ခုနှစ် ဧပြီလမှာ ဆုံတွေ့ခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်က ကြည့်ရှုမှု (၄.၀၄)သန်းနဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်ခဲ့ပြီး အခုတော့ လီဗာပူးလ်နဲ့ ယူနိုက်တက်တို့ပွဲက ဒီစံချိန်ကို ရိုက်ချိုးသွားနိုင်ခဲ့တာဖြစ်ပါတယ်။ ကြည့်ရှုအများဆုံး တတိယနေရာမှာတော့ ၂၀၀၃ခုနှစ် ဧပြီလမှာ ကျင်းပခဲ့တဲ့ အာဆင်နယ်နဲ့ ယူနိုက်တက်အသင်းတို့ပွဲစဉ်က (၃.၄၃)သန်းနဲ့ ရပ်တည်နေပြီး ၂၀၁၉ခုနှစ် နိုုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ လီဗာပူးလ်နဲ့ မန်စီးတီးပွဲ ၂၀၁၉ခုနှစ် အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ပွဲတွေကတော့ စတုတ္ထနေရာနဲ့ ပဥ္စမနေရာတွေမှာ အသီးသီးရပ်တည်လို့နေပါတယ်။ ဒီပွဲကို ထုတ်လွှင့်ပြသခဲ့တဲ့ ဗြိတိန်နာမည်ကျော် ရုပ်သံကုမ္မကြီးတစ်ခုဖြစ်တဲ့ Sky ရဲ့ ထုတ်ဖော်ချက်တွေအရ လီဗာပူးလ်နဲ့ ယူနိုက်တက်အသင်းတို့ရဲ့ အင်္ဂလန်ဒါဘီပွဲထက် ကြည့်ရှုများတဲ့ ရုပ်သံအစီအစဉ်က ကမ္ဘာကျော်ရုပ်သံစီးရီးတစ်ခုဖြစ်တဲ့ Game of Throne တစ်ခုသာ ရှိတယ်လို့လည်း သိရပါတယ်။ ဒီပွဲမှာ အနိုင်အရှုံးမပေါ်ပဲ တစ်မှတ်စီ ခွဲယူနိုင်ခဲ့တာကြောင့် လီဗာပူးလ်ရော ယူနိုက်တက်အသင်းပါ သူတို့အသင်းရဲ့ အိမ်ကွင်းနဲ့ အဝေးကွင်း ရှုံးပွဲမရှိတဲ့ စံချိန်ကောင်းတွေကိုပါ ဆက်လက်ထိန်းသိမ်းသွားနိုင်ခဲ့ပြီး အမှတ်ပေးဇယားရဲ့ ပထမနဲ့ ဒုတိယနေရာတို့မှာ ဆက်လက်ရပ်တည်နေခဲ့ပါတယ်။