လိုင်လီအသင်းဟာ မန်ချက်စတာ ယူနိုက်တက် အပါအဝင် မန်ချက်စတာ စီးတီးအသင်းပါ စောင့်ကြည့်နေတဲ့ သူတို့ရဲ့ ဆယ်ကျော်သက်အရွယ် ခံစစ်မှူးလေး လီနီ ယိုရိုအတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း(၉၀)အထိပါ ဈေးသတ်မှတ်လိုက်ပါတယ်။

အသက် (၁၈)နှစ်အရွယ်သာ ရှိနေသေးတဲ့ ပြင်သစ် လူငယ် ဗဟိုခံစစ်မှူးလေး ယိုရိုဟာ လွန်ခဲ့တဲ့ ၂၀၂၂ခုနှစ်ကမှ လိုင်လီ စီနီယာအသင်းအတွက် စတင် ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက ယိုရိုရဲ့ အသက်ဟာ (၁၆)နှစ်သာ ရှိနေပါသေးတယ်။

Photo Credit : Footbalium

ပြီးခဲ့တဲ့ ဘောလုံးရာသီက လိုင်လီအတွက် ပြိုင်ပွဲစုံ (၁၅)ပွဲအထိ ပါဝင်ကစားခွင့် ရရှိလာခဲ့တဲ့ ယိုရိုဟာ ဒီနှစ်ဘောလုံးရာသီမှာဆိုရင်လည်း နည်းပြ ဖွန်ဆီကာလက်ထက် အသင်းရဲ့ အမာခံ ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။

လိုင်လီရဲ့ ခံစစ်တန်းမှာ အသက်အရွယ်နဲ့ မလိုက်အောင် ခြေစွမ်းကောင်းတွေ ပြသထားတဲ့ ယိုရိုကို ပီအက်စ်ဂျီ ဘာစီလိုနာတို့အပြင် မန်ချက်စတာ အခြေစိုက် မန်ယူနိုက်တက် နဲ့ မန်စီးတီးအသင်းတို့က စိတ်ဝင်စားမှုတွေ ရှိလာခဲ့ပြီး စောင့်ကြည့်မှုတွေပါ လုပ်ဆောင်လာခဲ့ပါတယ်။

Photo Credit : TEAMtalk

ဒီလို ဥရောပ ထိပ်သီး ကလပ်အသင်းတွေရဲ့ သည်းခြေကြိုက် ဖြစ်နေရတဲ့ ကစားသမားလေး ယိုရိုအတွက် လိုင်လီအသင်းဘက်က ပြောင်းရွှေ့ကြေးကို ယူရို သန်း(၉၀) ပေါင် (၇၈)သန်းအထိ ဈေးသတ်မှတ်ထားတယ်လို့ ပြင်သစ် အခြေစိုက် Le10 Sport သတင်းဌာနကနေ ဖော်ပြလာခဲ့ပါတယ်။

တကယ်တော့ ယိုရိုဟာ ၂၀၂၅ခုနှစ်အထိသာ လိုင်လီနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေတော့တာ ဖြစ်သလို transfermarket မှာ ဖော်ပြထားတဲ့ သူရဲ့ လက်ရှိတန်ကြေးကလည်း ယူရို (၂၅)သန်းသာ ရှိနေတာမို့ လိုင်လီဘက်က တောင်းဆိုထားတဲ့ တန်ကြေးက အလွန်မြင့်မားနေပြီး ဒီတန်ကြေးနဲ့သာဆို သူ့ကို အလိုရှိနေတဲ့ အသင်းတွေလည်း ကမ်းလှမ်းမှု ဆက်မလုပ်ဖို့ ဆုံးဖြတ်ဖွယ်လည်း ရှိနေပါတယ်။