ဒီနှစ်ဘောလုံးရာသီအကုန်မှာ အာဆင်နယ်အသင်းကို စွန့်ခွာသွားဖို့ သေချာသလောက်ရှိလို့နေတဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား အူဘာမီယန်းကို အာဆင်နယ်ဘက်ကနေ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့တာကြောင့် ကစားသမားရဲ့ဆန္ဒအတိုင်း အသင်းကနေ ထွက်ခွာခွင့်ပြုဖွယ်ရှိနေပြီး သူ့ကို ဘာစီလိုနာ ပီအက်စ်ဂျီ အင်တာမီလန်အသင်းတွေကနေ ခေါ်ယူသွားဖို့ အပြိုင်ပစ်မှတ်ထားလျက်ရှိနေသလို အာဆင်နယ်ရဲ့ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းက အူဘာကို ခေါ်ယူဖို့အတွက် တဖန်စိတ်ဝင်စားလာခဲ့ပါတယ်။

အသက်၃၀အရွှယ်ရှိ ဂါဘွန်လက်ရွေးစင် တိုက်စစ်ကစားသမား အူဘာမီယန်းဟာ ၂၀၁၈ခုနှစ်ကမှ ဒေါ့မွန်အသင်းကနေ အာဆင်နယ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အချိန်တိုလေးအတွင်းမှာပဲ အာဆင်နယ်ရဲ့ အမာခံကစားသမားတစ်ယောက်ဖြစ်လာသလို အသင်းခေါင်းဆောင်ကိုပါ ထမ်းဆောင်လာခဲ့ရတာဖြစ်ပါတယ်။ အသင်းအတွက် အရေးအကြီးဆုံး ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပေမယ့် အသင်းရဲ့ အောင်မြင်မှုတွေ ဝေးကွာနေတဲ့ အနေအထားတေနဲ့ ရလဒ်တည်ငြိမ်မှု နည်းပါးမှုတွေကြောင့် အသင်းမှာ ဆက်နေဖို့ ဆန္ဒမရှိတော့ပဲ အသင်းနဲ့ လမ်းခွဲချင်နေတာဖြစ်ပါတယ်။

အူဘာမီယန်းနဲ့ အာဆင်နယ်အသင်းတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်အခြေအနေအရ လာမယ့် ၂၀၂၁ခုနှစ်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် အာဆင်နယ်အနေနဲ့ အူဘာမီယန်းကို သက်တမ်းမတိုးနိုင်ဘူးဆိုရင် အသင်းကနေ အမြန်ဆုံးရောင်းချသင့်နေပါပြီ။ မဟုတ်ရင်တော့ ရမ်ဆေး ဝီလ်ရှိင်းယားတို့လို ကစားသမားတွေကို အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုခဲ့ရသလိုမျိုး နောက်ထပ်အရည်အသွေးမြင့် ကစားသမားကောင်းတစ်ယောက်ကို ဘာတန်ကြေးမှ ပြန်မရပဲနဲ့ ဆုံးရှံးရနိုင်ပါတယ်။ ဒီလိုအခြေအနေရှိနေတဲ့ အူဘာမီယန်းကို မန်ချက်စတာယူနိုက်တက်အသင်းကနေ စောင့်ကြည့်လို့နေပြီး ပေါင်သန်း(၅၀)လောက်နဲ့ ကမ်းလှမ်းမှုတွေကို စတင်ပြုလုပ်လာနိုင်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ကတော့ ယူနိုက်တက်ထက် ဘာစီ အင်တာတို့လို အသင်းတွေဆီကိုသာ ရောင်းချချင်နေသလို အူဘာမီယန်းကိုယ်တိုင်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့် အသင်းတွေကို ရွေးချယ်လာနိုင်ပါတယ်။