မန်ချက်စတာယူနိုက်တက်အသင်းကတော့ လာမယ့်ဘောလုံးရာသီသစ်အတွင်း အသင်းရဲ့ဂိုးသမားနေရာမှာ ဒေးဗစ်ဒီဂီယာ ဒင်းဟန်ဒါဆန် ဆာဂျီယိုရိုမဲလ်ရိုးနဲ့ လီဂရန့်တို့လို ဂိုးသမားတွေ စုပြုံရှိနေကြတဲ့အတွက် ဒီဂိုးသမားအားလုံးကို နေရာပေးဖို့ မလွယ်ကူတာကြောင့် အနည်းဆုံး ဂိုးသမားတစ်ယောက်လောက်ကို အသင်းကနေ ရောင်းချရဖွယ်ရှိနေပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်အသင်းဟာ ဂိုးသမားရိုမဲလ်ရိုးကို ရောင်းချရဖွယ် ရှိနေတာကြောင့် ဒီဂိုးသမားကို ခေါ်ယူဖို့အတွက် ချယ်လ်ဆီးအသင်းနဲ့ အက်စတွန်ဗီလာအသင်းတို့ကနေ အပြိုင်စိတ်ဝင်စားနေကြပါတယ်။

Photo Credit : Manchester Evening News

အသက်(၃၃)နှစ်အရွှယ်ရှိ အာဂျင်တီးနားဂိုးသမားကြီး ဆာဂျီယိုရိုမဲလ်ရိုးဟာ ယူနိုက်တက်အသင်းကို ၂၀၁၅ခုနှစ်ကမှ ဆမ်ဒိုရီးယားအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး စပိန်လက်ရွေးစင်ဂိုးသမား ဒေးဗစ်ဒီဂီယာရဲ့နောက် ဒုတိယဦးစားပေးဂိုးအဖြစ် ရှံးထွက်ဖလားပွဲစဉ်တွေမှာပါ ပါဝင်ခဲ့ရသူဖြစ်ပါတယ်။ အသင်းမှာ ဆက်လက်ရှိနေချင်တဲ့ ရိုမဲလ်ရိုးဟာ လက်ရှိအချိန်မှာတော့ ဒင်းဟန်ဒါဆန်ပါ အသင်းဆီ ပြန်ရောက်လာပြီမို့ ဒုတိယဦးစားပေးကနေ တတိယဦးစားပေးအထိ ဖြစ်လာတော့မှာဖြစ်တဲ့အတွက် အသင်းကနေ ထွက်ခွာသွားဖို့ကို စဉ်းစားလာခဲ့တာဖြစ်ပါတယ်။

Photo Credit : We All Follow United

ဒီလိုအနာဂတ်မရေမရာ ဖြစ်လာခဲ့တဲ့ ဂိုးသမားကြီးရိုမဲလ်ရိုးကို အက်စတွန်ဗီလာအသင်းကနေ ပစ်မှတ်ထားလာခဲ့သလို အခုချိန်ထိ ဂိုးသမားသစ်တစ်ယောက်ကို မခေါ်ယူနိုင်သေးတဲ့ ချယ်လ်ဆီးအသင်းကလည်း ရိုမဲလ်ရိုးကို ပစ်မှတ်ထားလျက်ရှိနေပါတယ်။ ရိုမဲလ်ရိုးဟာ လာမယ့် ၂၀၂၁ခုနှစ်မှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သက်တမ်းလည်း တိုးမြှင့်တော့မှမဟုတ်လို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွတ်ရဖို့အတွက် ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ ရောင်းချရဖွယ် ရှိနေပါတယ်။ ရိုမဲလ်ရိုးရဲ့လက်ရှိတန်ကြေးက ယူရို(၃)သန်းလောက်သာ ရှိနေတော့ပေမယ့့်လည်း ယူနိုက်တက်အသင်းကတော့ ရိုမဲလ်ရိုးအတွက် ပြောင်းရွှေ့ကြေးကို ယူရို(၁၀)သန်းလောက်အထိကို အလိုရှိနေပါတယ်။ ရိုမဲလ်ရိုးကို အလိုရှိနေတဲ့ ချယ်လ်ဆီးရော ဗီလာအသင်းပါ ဂိုးသမားတွေ လိုအပ်နေတယ်ဆိုပေမယ့် ချယ်လ်ဆီးမှာက စပိန်လက်ရွေးစင်ဂိုးသမား ကယ်ပါလည်း ရှိနေသေးတာကြောင့် ရိုမဲလ်ရိုးအတွက် ပထမနေရာက အာမမခံနိုင်ပဲ ဗီလာအသင်းကတော့ ရိုမဲလ်ရိုးကို ပထမဦးစားပေးဂိုးသမားအဖြစ် သုံးစွဲလာနိုင်တာကြောင့် ရိုမဲလ်ရိုးကိုယ်တိုင် ဘယ်အသင်းကို ရွေးချယ်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။