ပရီးမီးယားလိဂ် အင်အားကြီးအသင်း နှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့က ဘရန့်ဖို့ဒ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်ထားတဲ့ စပိန်လက်ရွေးစင် ဂိုးသမား ရာယာကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဂိုးသမားနေရာမှာ ဒေးဗစ် ဒီဂီယာနဲ့ ဟန်ဒါဆန်တို့လို အရည်အသွေးမြင့် ဂိုးသမားတွေကို ပိုင်ဆိုင်ထားပေမယ့် ဒီဂီယာနဲ့ ဟန်ဒါဆန်တို့က ဂိုးပေါက် ကာကွယ်ရာမှာ ထူးချွန်ကြပေမယ့် ဘောလုံးပေးပို့နိုင်စွမ်းမှာတော့ သာမန်အဆင့်သာ ရှိပါတယ်။

Photo Credit: Goal

တဖက်မှာလည်း ချယ်လ်ဆီးရဲ့ ဂိုးသမား နှစ်ဦး ဖြစ်တဲ့ ကီပါနဲ့ မန်ဒီတို့က ဘောလုံးပေးပို့ရာမှာ ကောင်းမွန်ကြပေမယ့် ဂိုးပေါက် ကာကွယ်ရာမှာ အားနည်းချက် ကိုယ်စီ ရှိနေတာကြောင့် ချယ်လ်ဆီးက သူတို့အသင်းရဲ့ နံပါတ်တစ် ဂိုးသမား နေရာအတွက် နောက်ထပ် ဂိုးသမား တဦးကို ထပ်ခေါ်ဖို့ စီစဉ်နေတာပါ။

အသက် ၂၇နှစ် အရွယ် စပိန်လက်ရွေးစင် ဂိုးသမား ရာယာက လက်ရှိ မန်ချက်စတာ ယူနိုက်တက်ရဲ့ နံပါတ်တစ် ဂိုးသမား ဒီဂီယာနဲ့ ချယ်လ်ဆီးရဲ့ နံပါတ်တစ် ဂိုးသမား ကီပါတို့ကို ကျော်ဖြတ်ကာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန်အတွက် ရွေးချယ်ခံခဲ့ရတဲ့ ဂိုးသမားကောင်း တဦး ဖြစ်ပြီး ရာယာက ဂိုးပေါက် ကာကွယ်ရာမှာ ကောင်းမွန်သလို သူ့ရဲ့ ဘောလုံးပေးပို့နိုင်စွမ်းကလည်း ထိပ်တန်းအဆင့်မှာ ရှိပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ နှစ်သင်းစလုံးက ရာယာကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေကြတာ ဖြစ်ပြီး ရာယာကလည်း ဥရောပ ထိပ်သီးအသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရထားချိန်မှာ ဘရန့်ဖို့ဒ်နဲ့ စာချုပ်သက်တမ်း မတိုးတော့ပဲ အသင်းသစ်ဆီ ရွှေ့ပြောင်းဖို့ ဆုံးဖြတ်ထားကာ ရာယာနဲ့ ဘရန့်ဖို့ဒ်တို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ဟာ ၁နှစ်ကျော်သာ သက်တမ်း ကျန်ရှိပါတော့တယ်။

နာမည်ကြီး သတင်းဌာနတွေ ဖြစ်တဲ့ Telegraph ၊ The Sun စတဲ့ သတင်းဌာနတွေရဲ့ တညီတညွတ်ထဲ ဖော်ပြချက်တွေအရ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့က ရာယာကို လာမယ့် နွေဈေးကွက် အတွင်းမှာ ခေါ်ယူနိုင်ဖို့ စတင် လှုပ်ရှားနေကြပြီး ဘရန့်ဖို့ဒ်ကလည်း အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ရာယာအတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင် ရရှိရင် ရာယာကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။