ပရီးမီးယားလိဂ် အင်အားကြီး အသင်းတွေ ဖြစ်တဲ့ မန်ယူအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ် အသင်းနဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေ ဖြစ်နေတဲ့ နောက်ခံလူ အလာဘာကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။ အသက် ၂၈နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ဩစတီးယား နောက်ခံလူ အလာဘာဟာ ကမ္ဘာ့အဆင့် ကစားသမားတွေထဲက တစ်ဦး ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ အတူ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တာကြောင့် စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ ပြုလုပ် နေပေမယ့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ အလာဘာတို့ ကြားထဲမှာ လက်ရှိ အချိန်အထိ သဘောတူညီမှု မရရှိသေးပါဘူး။

Photo Credit: AS English

ဘယ်နောက်ခံလူ နေရာမှာရော ဗဟို နောက်ခံလူ နေရာမှာပါ ကျွမ်းကျွမ်းကျင်ကျင် ဆော့ကစားနိုင်တဲ့ အလာဘာဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမားဖြစ်ပြီး လက်ရှိ ဘောလုံး ရာသီမှာသာ အသင်းနဲ့ စာချုပ်သစ် မချုပ်ဆို ဖြစ်ပါက လာမယ့် ဘောလုံးရာသီအကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရမယ့်သူပါ။ လက်ရှိမှာတော့ အလာဘာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ ကြားထဲမှာ ပြုလုပ်နေတဲ့ စာချုပ်သစ် ကိစ္စကို ခေတ္တရပ်တန့်ထားပြီး ချန်ပီယံလိဂ် ပြိုင်ပွဲ ပြီးဆုံးသွားတဲ့ အခါမှသာ ပြန်လည် ဆွေးနွေး သွားမယ်လို့ သိရကာ အလာဘာရဲ့ စာချုပ်သစ် ဆွေးနွေးမှုဟာ တိုးတက်မှုတွေ မရှိသေးဘူးလို့ အလာဘာရဲ့ အေးဂျင့်ဖြစ်သူက အတည်ပြုထားတာကြောင့် အလာဘာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ များပြားနေတာပဲ ဖြစ်ပါတယ်။

Photo Credit: AS English

နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ အဆိုအရတော့ အလာဘာ ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆွေးနွေးနေတဲ့ စာချုပ်သစ်ကိစ္စ အဆင်မပြေပါက အင်္ဂလန် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကာ ကစားချင်နေတယ် လို့ သိရပြီး လက်ရှိမှာ အလာဘာကို ခေါ်ယူဖို့ မန်ယူအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ စောင့်ကြည့်နေတယ်လို့ သိထားရပါတယ်။ မန်ယူအသင်းဟာ ဘယ်သန် ဗဟိုနောက်ခံလူ တစ်ဦးကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်း ဖြစ်သလို ချယ်လ်ဆီးအသင်းဟာလည်း ဘယ်နောက်ခံလူ တစ်ဦးကို ခေါ်ယူချင်နေတာပါ။ ဒါ့ကြောင့် ဗဟို နောက်ခံလူ နေရာမှာရော ဘယ်နောက်ခံလူ နေရာမှာပါ ကစားနိုင်တဲ့ အလာဘာဟာ နှစ်သင်းစလုံးရဲ့ ပစ်မှတ် ကစားသမား ဖြစ်နေပြီး အလာဘာကို ခေါ်ယူချင်ပါက ဘိုင်ယန်မြူးနစ်အသင်း ကို ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းဝန်းကျင် ပေးချေ ရနိုင်တယ်လို့ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ် ထားကြပါတယ်။