ဒီနှစ်ဘောလုံးရာသီ ကုန်ဆုံးမယ့်အချိန် လာမယ့်ဇွန်လ(၃၀)ရက်နေ့မှာပဲ သက်ဆိုင်ရာကလပ်အသင်းတွေနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးကြတော့မယ့် ထိပ်သီးဘောလုံးသမားတွေ များစွာရှိလို့နေပြီး ဒီလူတွေထဲမှာ နာပိုလီအသင်းရဲ့ ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား ဒရီးစ်မာတန်စ်လည်း ပါဝင်လျက်ရှိလို့နေပါတယ်။ မာတန်စ်ကို ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက်အသင်းတို့ကနေ ခေါ်ယူဖို့အတွက် အပြိုင်စိတ်ဝင်စားနေပေမယ့် လက်ရှိထွက်ပေါ်ထားတဲ့ သတင်းတွေအရ အင်တာမီလန်အသင်းက မာတန်စ်ကို ခေါ်ယူဖို့ အခြေအနေအကောင်းဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

 

Photo Credit : The Runner Sports

အသက်(၃၂)နှစ်အရွှယ်ရှိ ဘယ်ဂျီယံတိုက်စစ်ကစားသမား မာတန်စ်ဟာ နာပိုလီအသင်းရဲ့ အမာခံတိုက်စစ်ကစားသမားတစ်ယောက်ဖြစ်ပြီး ကယ်လီဟွန် အစ်ဆစ်ဂနီတို့နဲ့အတူ အသင်းရဲ့တိုက်စစ်မှာ ခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း မာတန်စ်ဟာ လာမယ့်ဇွန်လ၃၀ရက်နေ့မှာပဲ နာပိုလီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်တာကြောင့် အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာရတော့မှာဖြစ်ပြီး နာပိုလီရဲ့ စီးရီးအေပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့ အင်တာမီလန်အသင်းဆီကို ရောက်ရှိသွားဖို့ အလွန်နီးစပ်လျက်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Sempreinter

Calciomercato သတင်းမီဒီယာရဲ့ဖော်ပြချက်တွေအရ အင်တာမီလန်အသင်းရဲ့ CEO မာရော့တာက လာမယ့်ရာသီမှာ အသင်းအတွက် ကစားသမားအင်အားဖြည့်တင်းမယ့် အစီအစဉ်အတွင်းမှာ မာတန်စ်ကိုလည်း ထည့်သွင်းထားချက်ရှိနေပြီး ကစားသမားအတွက် တစ်ပတ်လုပ်ခ ပေါင်၈သောင်းခွဲနဲ့ ကမ်းလှမ်းဖွယ်ရှိနေတယ်လို့ သိရပါတယ်။ နာပိုလီအသင်းကတော့ သူတို့အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ကို အခုလို ပုံစံမျိုးနဲ့ အသင်းကနေ လက်မလွတ်ချင်ပေမယ့်လည်း အသင်းအတွင်းမှာ ပြသာနာတွေရှပ်ထွေးလျက်ရှိနေတဲ့အပြင် အသင်းကလည်း လက်ရှိ စီးရီးအေအမှတ်ပေးဇယားရဲ့အဆင့်(၆)နေရာမှာ ရှိလို့နေပြီး အဆင့်(၄)နေရာက အတ္တလန်တာအသင်းနဲ့ ရမှတ်ပေါင်း(၉)မှတ်တောင် ကွာဟနေတဲ့အတွက် လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကိုတောင် လက်လွတ်ရနိုင်မယ့် အခြေအနေတွေနဲ့ ရင်ဆိုင်ရနိုင်တာကြောင့် မာတန်စ်အပြင် ကူလီဘလီ ဖေဘီယန်ရုစ်ဇ်တို့လို ကြယ်ပွင့်တွေကိုပါ ဆုံးရှံးရနိုင်ပါတယ်။