ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းဟာ သူတို့ရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းရဲ့ အသက်၁၆နှစ်အရွယ် လူငယ် ကစားသမား မက်နေးလ်ကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကြောင်း အင်္ဂလန် သတင်းမီဒီယာတွေက ဖော်ပြလာခဲ့ပါတယ်။ လာမယ့် စက်တင်ဘာလမှာ အသက်၁၇နှစ် ပြည့်မယ့် မက်နေးလ်ဟာ မန်စီးတီးအသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်ထားသူ ဖြစ်ကာ လက်ရှိ ဘောလုံးရာသီ အကုန်မှာ အသင်းကနေ ထွက်ခွာခွင့် ရရှိထားသူ ဖြစ်ပြီး မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရတော့ မန်ယူအသင်းဟာ မက်နေးလ် ကို ခေါ်ယူခွင့်ရဖို့ မန်စီးတီးအသင်းနဲ့ စတင် ဆွေးနွေးနေပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။

Photo Credit: Express

အသက်၁၆နှစ်အရွယ် မက်နေးလ်ဟာ လူငယ် တိုက်စစ်မှူး တစ်ဦး ဖြစ်ပေမယ့် သူ့ရဲ့ ဂိုးသွင်း မှတ်တမ်းတွေဟာ အတော်လေးကို အားရစရာ ကောင်းနေခဲ့ပြီး ပြီးခဲ့တဲ့ ၆နှစ် အတွင်းမှာ သူ ကစားခဲ့တဲ့ အသင်းတွေအတွက် သွင်းဂိုးပေါင်း ၆၀၀ကျော်ကို သွင်းယူပေးခဲ့ကြောင်း မန်စီးတီးအသင်းရဲ့ မှတ်တမ်းမှတ်ရာတွေ အရ သိရှိထားရပါတယ်။ ဒါ့ကြောင့်လည်း မန်စီးတီးအသင်း ကနေ ထွက်ခွာမယ့် မက်နေးလ်ကို ခေါ်ယူဖို့ ဥရောပ အသင်းကြီး အတော်များများက မျက်စိကျနေကြပြီး မက်နေးလ်ကတော့ သူ့ရဲ့ ကစားသမားဘဝ တိုးတက်မှုကို အထောက်အပံ့ ပေးသွားမယ့် ကလပ်အသင်းကိုသာ ပြောင်းရွှေ့လို နေကြောင်း မက်နေးလ်နဲ့ နီးစပ်သူတွေက ဖွင့်ဟ ထားကြပါတယ်။

Photo Credit: Express

လက်ရှိမှာတော့ မက်နေးလ်ကို ခေါ်ယူဖို့ ကမ်းလှမ်းထားတဲ့ အသင်းတွေထဲမှာ မန်ယူအသင်း အပြင် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် လစ်ဇက် အသင်းလည်း ပါဝင်နေပြီး လစ်ဇက်အသင်းဟာ ပြီးခဲ့တဲ့ ဇွန်လမှာ မက်နေးလ်ကို ခေါ်ယူနိုင်ခဲ့ပြီ လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိအထိ မက်နေးလ်ကို မခေါ်ယူနိုင်သေးပါဘူး။ မန်ယူအသင်းအတွက် မက်နေးလ်ကို အသင်းထံ ခေါ်ယူရာမှာ အဓိကကျတဲ့ အချက်ကတော့ မက်နေးလ်ဟာ မန်ယူအသင်းကို အားပေးတဲ့ ကစားသမားတစ်ဦး ဖြစ်နေတယ် ဆိုတာပါပဲ။ မက်နေးလ်ဟာ မန်ယူအသင်းရဲ့ ပရိသတ် တစ်ဦး ဖြစ်တာကြောင့် မန်ယူအသင်းကသာ အဆိုပါအချက်ကို အသုံးချနိုင်ခဲ့ရင် အသင်းရဲ့ အကယ်ဒမီဆီကို အရည်အသွေးမြင့် လူငယ် ကစားသမားတစ်ဦးကို ပေါင်းထည့်နိုင်ဖို့ ရှိနေပါတယ်။