ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ကတော့ မကြာခဏ ဆိုသလို သူတို့အသင်းနဲ့ အချိတ်အဆက်တွေ ရှိတဲ့ ပေါ်တူဂီ အခြေစိုက် နာမည်ကြီး အသင်း တစ်သင်း ဖြစ်တဲ့ စပို့တင်း လစ္စဘွန်းအသင်းရဲ့ လူငယ် ကြယ်ပွင့် တောင်ပံ ကစားသမား တစ်ဦး ဖြစ်သူ ဂွန်ကဲလ်ဗက်ကို ခေါ်ယူဖို့ အတွက် ချဉ်းကပ်မှုတွေ ပြုလုပ်နေကြောင်း နာမည်ကြီး ပေါ်တူဂီ သတင်းဌာန အများစုက ဖော်ပြ သွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ စပို့တင်း လစ္စဘွန်းအသင်းမှာ တောက်ပလာတဲ့ ပေါ်တူဂီ လူငယ် ကြယ်ပွင့် ကစားသမားတွေကို မကြာခဏ ဆိုသလို ခေါ်ယူလေ့ ရှိတဲ့ အသင်းတစ်သင်း ဖြစ်ပြီး ရိုနယ်ဒို ၊ နာနီနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ အသင်းထံ ရောက်ရှိလာကာ အသင်းရဲ့ အဓိက ကစားသမား ဖြစ်နေသူ ဘရူနို ဖာနန်ဒက်တို့ အားလုံးဟာ စပို့တင်း အသင်းကနေ ရောက်လာပြီး မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် အရေးပါတဲ့ ကစားသမားတွေ ဖြစ်လာကြပါတယ်။

Photo Credit: Standard

ဒါ့ကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူတို့အသင်းရဲ့ အားနည်းချက် တစ်ခု ဖြစ်နေတဲ့ ညာတောင်ပံ တိုက်စစ် အခန်းကဏ္ဍကို ပြင်ဆင်ဖို့ အတွက် စပို့တင်း အသင်းနဲ့ အတူ လက်ရှိ ဘောလုံးရာသီ မှာ တောက်ပနေတဲ့ အသက် ၂၂နှစ် အရွယ် တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ဂွန်ကဲလ်ဗက်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတာ ဖြစ်ပြီး ဂွန်ကဲလ်ဗက်ရဲ့ ခြေစွမ်းကိုလည်း မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ သတင်းထောက်တွေဟာ သဘောကျနေကြောင်း သိရပါတယ်။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ဂွန်ကဲလ်ဗက်ဟာ ညာခြေအားသန် ကစားသမား တစ်ဦး ဖြစ်သလို ညာတောင်ပံ တိုက်စစ်မှာ ကစားလေ့ ရှိတဲ့ ကစားသမား တစ်ဦး ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီသူ ဖြစ်ပြီး လက်ရှိ ပေါ်တူဂီ စူပါလိဂ်မှာ အသင်းအတွက် ၁၃ပွဲ ပါဝင် ကစားပေးထားကာ သွင်းဂိုး ၁၂ဂိုး သွင်းယူ ပေးထားပြီး ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ် ထားနိုင်တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Standard

ဒါ့အပြင် ဂွန်ကဲလ်ဗက်ဟာ တိုက်စစ်ပိုင်းရဲ့ နေရာစုံမှာ ကစားနိုင်စွမ်း ရှိတဲ့ ကစားသမား တစ်ဦး ဖြစ်တာကြောင့် တစ်နေရာထဲမှာထက် နေရာစုံမှာ ကစားနိုင်စွမ်း ရှိတဲ့ ကစားသမားတွေကို သဘောကျလေ့ ရှိတဲ့ ဆိုးလ်ရှားအတွက် ဂွန်ကဲလ်ဗက်ဟာ မျက်စိကျစရာ ကစားသမား တစ်ဦး ဖြစ်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေကလည်း ဖော်ပြ လာကြပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ပစ်မှတ်ဟာ ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် တောင်ပံ ကစားသမား ဖြစ်သူ ဆန်ချို ဖြစ်နေဆဲ ဖြစ်ကာ ဆန်ချိုကိုသာ ခေါ်ယူနိုင်ခြင်း မရှိပါက ဘာစီလိုနာ အသင်းရဲ့ တောင်ပံ ကစားသမား ဒမ်ဘီလီဟာ သူတို့အသင်းရဲ့ ဒုတိယ ဦးစားပေး ပစ်မှတ်အဖြစ် ရှိနေပါတယ်။ ဒါ့ကြောင့် ဂွန်ကဲလ်ဗက်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တတိယ ဦးစားပေး ပစ်မှတ်နေရာ မှာသာ ရှိနေပြီး အကယ်၍ မန်ချက်စတာ ယူနိုက်တက် အသင်းကသာ ဂွန်ကဲလ်ဗက်ကို ခေါ်ယူချင်တယ် ဆိုပါက ပြောင်းရွှေ့ကြေး ယူရို ၃၅သန်းခန့်ကို သုံးစွဲရဖွယ် ရှိပါတယ်။