ယမန်နေ့ညမှာတော့ ကျွန်တော်တို့အားလုံး စိတ်ဝင်တစားနဲ့ စောင့်ကြည့်ခဲ့ကြရတဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီဟာ ပြီးဆုံးသွားပြီပဲ ဖြစ်ပါတယ်။ အဆိုပါ ဘောလုံးရာသီ ပြီးဆုံးသွားတာနဲ့အညီ လာမယ့် ဘောလုံးရာသီမှာ ဘယ်အသင်းတွေက ချန်ပီယံလိဂ်ဝင်ခွင့် ရမယ် ၊ ဘယ်အသင်းတွေက ယူရိုပါလိဂ်ဝင်ခွင့် ရမယ် ၊ ဘယ်အသင်းတွေကတော့ တန်းဆင်းရမယ် ဆိုတဲ့ အချက်တွေဟာလည်း ရှင်းလင်းသွားခဲ့ပါပြီ။ ဥရောပဝင်ခွင့် ရရှိခဲ့တဲ့ အသင်းတွေထဲမှာ ထူးဆန်းနေတဲ့ အသင်း တစ်သင်း ရှိလို့နေပါတယ်။ အဆိုပါအသင်းဟာ နာမည်ကြီး မန်ယူအသင်းပဲ ဖြစ်ပါတယ်။

Photo Credit: United Focus

မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ဘောလုံးရာသီ ကုန်ဆုံးသွားချိန်မှာ ရမှတ် ၆၆မှတ် ရရှိခဲ့ပြီး ရမှတ်တူ ဂိုးကွာခြားချက် အသာနဲ့ ပြိုင်ပွဲရဲ့ တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ မန်ယူအသင်းလို နာမည်ကြီးအသင်း တစ်သင်းဟာ အဆင့်၃နေရာမှာ ရပ်တည်နိုင်တာက ထူးခြားတဲ့ အရာတစ်ခု မဟုတ်ဘူးလို့ ထင်ကောင်း ထင်နိုင်ပေမယ့် ဖေဖော်ဝါရီလ မတိုင်ခင်မှာ မန်ယူအသင်း ရောက်ရှိနေတဲ့ အဆင့်နဲ့ လက်ရှိ အဆင့်ကို ယှဉ်ကြည့်ရင်တော့ အတော်လေး ထူးခြားနေတာကို မြင်တွေ့ရမှာပါ။ ဘာ့ကြောင့်လဲဆိုရင်တော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ကုန်ဆုံးတဲ့ အချိန်မှာ မန်ယူအသင်းဟာ အဆင့်၃နေရာက လက်စတာအသင်းထက် ၁၄မှတ် လျော့နည်းနေသလို ဂိုးကွာခြားချက်လည်း ၂၀ကျော်အထိ ကွာဟနေတာကြောင့်ပါပဲ။

Photo Credit: United Focus

သေချာ ပြောရမယ်ဆိုရင်တော့ မန်ယူအသင်းဟာ အခုလို အဆင့်၃နေရာကနေ ချန်ပီယံလိဂ် ဝင်ခွင့်ကို ရရှိဖို့အတွက် ဖေဖော်ဝါရီလ ရောက်မှသာ စတင် ကြိုးစားခဲ့ရတာ ဖြစ်ပြီး လက်ကျန် ၁၄ပွဲသာ ကျန်တော့တဲ​့ အနေအထားမှာ မန်ယူအသင်းဟာ အဆင့်၃နေရာအထိ ရောက်ရှိသွားလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြပါဘူး။ ဒါပေမယ့် မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့အရာကို ဖြစ်လာအောင် မန်ယူအသင်းကို ကူညီပေးခဲ့တဲ့ ကစားသမားတစ်ဦး ရှိပါတယ်။ အဆိုပါ ကစားသမားကတော့ ဇန်နဝါရီအပြောင်းအရွှေ့ကမှ စပို့တင်း လစ္စဘွန်းအသင်းကနေ မန်ယူအသင်း ထံ ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဘရူနို ဖာနန်ဒက်ပဲ ဖြစ်ပါတယ်။

Photo Credit: United Focus

ဒီတစ်ခါမှာ ဘရူနို ဖာနန်ဒက်ရဲ့ ခြေစွမ်းပိုင်းကိုပဲ အလေးပေး ပြောချင်တာကြောင့် သူ့ရဲ့ ပြောင်းရွှေ့ကြေးကိုတော့ မဖော်ပြတော့ပါဘူး။ ဖာနန်ဒက်ဟာ မန်ယူအသင်းထံကို ဇန်နဝါရီလ အပြောင်းအရွှေ့မှာမှ ရောက်ရှိလာကာ ဖေဖော်ဝါရီလ ၂ရက်နေ့မှာ ကစားရတဲ​့ ဝုဗ်နဲ့ပွဲမှာ အသင်းအတွက် စတင် ပါဝင် ကစားပေးခဲ့ပါတယ်။ ဖာနန်ဒက်ဟာ အဆိုပါပွဲစဉ်ကနေ စတင် ပြီး မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၁၄ပွဲအထိ ပါဝင် ကစားပေးခဲ့သလို အဆိုပါ ၁၄ပွဲမှာလည်း မန်ယူအသင်းဟာ တစ်ပွဲမှ ရှုံးနိမ့် ခဲ့ခြင်း မရှိပဲ ၉ပွဲအနိုင်ရကာ ၅ပွဲ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒါ့ကြောင့် မန်ယူအသင်းဟာ ၁၄ပွဲကနေ အမြင့်မားဆုံး ရရှိနိုင်တဲ့ ရမှတ် ၄၂မှတ်ကနေ ၃၂မှတ်အထိ စုဆောင်း ရရှိသွားခဲ့ပါတယ်။

Photo Credit: United Focus

အဆိုပါ ၁၄ပွဲမှာ ဖာနန်ဒက်ဟာ ၁၄ပွဲစလုံးကို ဝင်ရောက် ကစားပေးခဲ့သလို သွင်းဂိုး ၈ဂိုး သွင်းယူပေးခဲ့ကာ ဂိုးဖန်တီးမှု ၇ကြိမ်အထိ ပြုလုပ် ခဲ့ပြီး ဂိုးပါဝင်ပတ်သတ်မှု ၁၅ကြိမ်အထိ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် ဖာနန်ဒက်ဟာ ရာသီဝက် ကာလ ရောက်မှသာ မန်ယူအသင်းအတွက် စတင် ကစားပေးရတာ ဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာ အသင်းအတွက် ဂိုးဖန်တီးမှု အများဆုံး ကစားသမားအဖြစ် ရက်ဖို့ဒ်နဲ့ ပူးတွဲသတ်မှတ်ခံခဲ့ရသလို စတုတ္ထမြောက် သွင်းဂိုးအများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အသင်းရဲ့ အခွင့်အရေး ဖန်တီးမှု အများဆုံး ကစားသမား စာရင်းမှာလည်း ၃၀ကြိမ်နဲ့ တတိယနေရာ ၊ ဂိုးပေါက်ကန်သွင်းမှု အများဆုံး ကစားသမား စာရင်းမှာ ၄၄ကြိမ်နဲ့ တတိယနေရာ ၊ ဂိုးပါဝင် ပတ်သတ်မှုမှာ ၁၅ဂိုးနဲ့ တတိယနေရာတို့မှာ ရပ်တည်နိုင်ခဲ့ပါတယ်။

Photo Credit: United Focus

ဒါ့ကြောင့် ဒီအချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် ဘရူနို ဖာနန်ဒက်ဟာ မန်ယူအသင်းအတွက် ကြီးမားတဲ့ ပြောင်းလဲမှုကို ယူဆောင်လာသူ ဖြစ်ကြောင်းကို ထင်ရှားစွာ မြင်နေရပြီး သူသာ ဇန်နဝါရီလ အပြောင်းအရွှေ့ရာသီမှာ မန်ယူအသင်းထံ ရောက်မလာခဲ့ရင် မန်ယူအသင်းဟာလည်း အခုလို အဆင့်၃နဲ့ ရာသီပိတ်သိမ်းနိုင်ခဲ့မှာ မဟုတ်ပါဘူး။ ယခုလို အသင်းသစ်အတွက် ပထမဦးဆုံး ကစားပေးရတဲ့ ရာသီမှာ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းတွေကို ပြသနိုင်ခဲ့တဲ့ ဖာနန်ဒက်ဟာ လာမယ့် ဘောလုံးရာသီမှာရော အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်မလားဆိုတာ စောင့်ကြည့် သွားရမှာပဲ ဖြစ်ပါတယ်။