မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နောက်ပိုင်းနှစ်အနည်းငယ်အတွင်းမှာ အောင်မြင်မှုတွေနဲ့ အလှမ်းဝေးနေတာကြောင့် ထိပ်တန်း ကစားသမားကောင်းတွေကို အသင်းဆီ ပြောင်းရွှေ့လာဖို့အတွက် ဆွဲဆောင်နိုင်ခြင်း မရှိတော့ဘူးလို့ အသင်းရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ ဒွိုက်ယောက်က မှတ်ချက်ပြု ပြောဆိုလို့သွားခဲ့ပါတယ်။
Photo Credit : Manchester Evening News
မန်ယူနိုက်တက်အသင်းဟာ ၂၀၁၇ခုနှစ်အတွင်း ယူရိုပါလိဂ်မှာ ဗိုလ်စွဲခဲ့ပြီးနောက်ပိုင်းကတည်းက ဆုဖလား အောင်မြင်မှုတွေနဲ့ အလှမ်းဝေးလာခဲ့ရသလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာဆိုရင်လည်း အမှတ်ပေးဇယားရဲ့ အဆင့်(၆)နေရာကိုသာ ရယူနိုင်ခဲ့လို့ ချန်ပီယံလိဂ်နဲ့ပါ လွဲချော်ထားခဲ့ရပါတယ်။ အသင်းက ဆုဖလားတွေနဲ့ အလှမ်းဝေးနေသလို ဥရောပချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ လွဲချော်ထားရတာကြောင့် ဒီနောက်ဆက်တွဲ အကျိုးဆက်တွေအဖြစ် မန်ယူနိုက်တက်အသင်းအနေနဲ့ ထိပ်တန်းကစားသမားတွေ ခေါ်ယူရမှာ ခက်ခဲနေရတယ်လို့ အသင်းသားဟောင်းကြီး ဒွိုက်ယောက်က ပြောဆိုလိုက်ပါတယ်။
Photo Credit : Sport Illustrated
မန်ယူနိုက်တက်အသင်းနဲ့ ပတ်သတ်ပြီး ဒွိုင်ယောက်က “ဒီယောင်းက ကြီးမားတဲ့ ကလပ်အသင်း တစ်သင်းမှာ ကစားနေတာဖြစ်ပြီး အဲ့ဒီမှာက ငွေကြေး ပြသာနာတွေ ရှိနေပေမယ့် သူ့အနေနဲ့ကတော့ အဲ့ဒီနေရာမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ကစားရဖို့ အခွင့်အရေး ရှိနေပါတယ်။ ကျွန်တော် လိုချင်နေတဲ့ ကစားသမားတွေက ဒီလို အခြေအနေမှာ ရှိနေကြတာဖြစ်လို့ ဒီကစားသမားတွေကို ယူနိုက်တက်ဆီ ရောက်ရှိလာဖို့ ဆွဲဆောင်ရတာ အရမ်းခက်ခဲပါတယ်။ အသင်းက အကောင်းဆုံး ကစားသမားတွေကို မဆွဲဆောင်နိုင်တော့ပါဘူး။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားရခြင်း မရှိတာက ကြီးမားတဲ့ ပြသနာတစ်ခု ဖြစ်သလို ဒါက တစ်နှစ်ထက် တစ်နှစ် ပိုခက်ခဲလာနေပါတယ်။ ကစားသမားတွေကလည်း ဒီနောင်ပိုင်းမှာ ယူနိုက်တက်ကို လာရောက်ဖို့အတွက် စိတ်ဆန္ဒမရှိကြတော့ဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကလပ်အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာအောင် လုပ်ဆောင်ရပါမယ်” လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာလည်း မန်ယူနိုက်တက်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ နယ်သာလန် ကွင်းလယ်လူ ဖရန်ကီဒီယောင်းကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးအပိုင်းမှာ အဆင်ပြေနေပေမယ့် ကစားသမားကိုယ်တိုင်က မန်ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ထားခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်မရထားခဲ့ရင် မန်ယူနိုက်တက်ဆီ မပြောင်းရွှေ့ချင်ဘူးလို့ပါ သိရှိရပါတယ်။