ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းမှာ သူတို့အသင်းက ခေါ်ယူမယ် လို့ သတင်းကြီးခဲ့တဲ့ အီကွေဒေါ လက်ရွေးစင် လူငယ် ကွင်းလယ်လူ ကိုင်စီဒိုကို ခေါ်ယူဖို့ အတွက် ကြိုးစားနေမှုတွေ အားလုံးကို ရပ်တန့်လိုက်ပြီ ဖြစ်ကြောင်း ယနေ့မနက်မှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရှိ ရပါတယ်။ အသက် ၁၉နှစ် အရွယ်သာ ရှိသေးကာ လက်ရှိမှာ အီကွေဒေါ နာမည်ကြီး အသင်း အင်ဒီပန်းဒီယန့် အသင်းမှာ ကစားနေတဲံ အီကွေဒေါ လက်ရွေးစင် ကွင်းလယ်လူ ကိုင်စီဒိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အမာခံ ပရိသတ် တစ်ဦး ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း သူ့ကို ခေါ်ယူဖို့ အတွက် ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

Photo Credit: Express

ဒါပေမယ့် ယခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှာ စတင် အသက်ဝင်ခဲ့တဲ့ Brexite စည်းမျဉ်းကြောင့် ကိုင်စီဒိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ လာရောက် ကစားဖို့ အတွက် အလုပ်ပါမစ် ရရှိဖို့ ခက်ခဲတဲ့ အနေအထားကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူ့ကို ခေါ်ယူဖို့ အတွက် လက်လျှော့လိုက်တာပဲ ဖြစ်ပါတယ်။ Brexite စည်းမျဉ်း ဆိုတာဟာ ဗြိိတိန်နိုင်ငံမှာ ရှိတဲ့ လူငယ် ကစားသမားတွေ အတွက် အခွင့်အလမ်းကောင်းတွေ ပိုမို ရရှိစေဖို့ ရည်ရွယ်ထားတဲ့ စည်းမျဉ်းတစ်ခု ဖြစ်ပြီး လက်ရှိမှာ ဆိုရင် ဗြိတိန်နိုင်ငံ တစ်ဝှမ်းမှာ ရှိတဲ့ ကလပ်အသင်းတွေဟာ အခြားနိုင်ငံတွေမှ အသက် ၂၁နှစ် အောက် လူငယ် ကစားသမားတွေကို ခေါ်ယူဖို့ အရမ်းကို ခက်ခဲသွားမှာ ဖြစ်သလို အကယ်၍ ခေါ်ယူလိုပါ ကလည်း သတ်မှတ်ထားတဲ့ နိုင်ငံတကာပွဲ အရေအတွက်ကို ကစားထားနိုင်တဲ့ ကစားသမားတွေကိုသာ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။

Photo Credit: Express

လက်ရှိမှာတော့ ကိုင်စီဒိုဟာ အသက် ၁၉နှစ် အရွယ်သာ ရှိသေးသလို အီကွေဒေါ လက်ရွေးစင်အသင်း အတွက် ပွဲထွက်ခွင့် လုံလုံလောက်လောက် မရသေးတာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူ့ကို ခေါ်ယူဖို့ လက်လျှော့ သွားခဲ့တာပါ။ ဒါပေမယ့် ကိုင်စီဒိုကို ခေါ်ယူဖို့ အတွက် အခြား ပရီးမီးယားလိဂ် အသင်းတွေ ဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ အဲဗာတန်အသင်းတို့က စိတ်ဝင်စားနေဆဲ ဖြစ်ပြီး သူတို့တွေ ကတော့ ကိုင်စီဒိုကို ခေါ်ယူပြီးပါက အင်ဒီပန်းဒီယန့် အသင်းထံ အငှားပြန်ချကာ အသင်းအတွက် ပါဝင် ကစားပေးနိုင်မယ့် အချိန်ကို ရောက်မှသာ အသင်းထံ ပြန်လည် ခေါ်ယူဖို့ စီစဉ်နေပါတယ်။ နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနို ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ကိုင်စီဒိုရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ အားလုံးဟာ ရပ်တန့်သွားပြီ ဖြစ်ကာ လက်ရှိမှာ ကိုင်စီဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေကြောင်း ဆိုသွားပါတယ်။