ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမားဟောင်း နှစ်ဦးဖြစ်သူ ပေါလ်စခိုးလ်နဲ့ အိုဝင်တို့ကတော့ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ရှက်ဖီးလ် ယူနိုက်တက် အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်အပြီးမှာ သူတို့ရဲ့ အသင်းဟောင်းဟာ ယခုနှစ် ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်စွမ်း ရှိကြောင်း သုံးသပ် ပြောကြား သွားခဲ့ပါတယ်။ ရှက်ဖီးလ် ယူနိုက်တက် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရတဲ့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တိုက်စစ်မှူးတွေ ဖြစ်တဲ့ ရက်ဖို့ဒ် ၊ မာရှယ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၂-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၆နေရာ အထိ တက်လှမ်း နိုင်ခဲ့ပါတယ်။

Photo Credit: Metro

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိ ဘောလုံးရာသီမှာ အိမ်ကွင်း ရလဒ်ဆိုး တချို့ကို ကြုံတွေ့ခဲ့ ရပေမယ့် အဝေးကွင်း ပွဲစဉ်တွေ မှာတော့ ရာနှုန်းပြည့် နိုင်ပွဲ ရရှိထားပြီး အဆိုပါ နိုင်ပွဲတွေကြောင့်ပဲ အမှတ်ပေးဇယားရဲ့ အဆင့်၁ နေရာမှာ ရှိနေတဲ့ လီဗာပူးအသင်းနဲ့ တစ်ပွဲလျော့ ၅မှတ် အကွာဆိုတဲ့ အနေအထားကို ရောက်ရှိနေပြီး ပွဲကျန်ဖြစ်တဲ့ ဘန်လေအသင်းနဲ့ ပွဲစဉ်ကိုသာ အနိုင်ရရှိမယ် ဆိုပါက အမှတ်ပေးဇယားရဲ့ အဆင့် ၂နေရာအထိ တက်လှမ်းနိုင်မှာ ဖြစ်ကာ လီဗာပူးအသင်းနဲ့လည်း ရမှတ် ၂မှတ်သာ ကွာဟတော့မယ့် အနေအထားပါ။ ဒါ့ကြောင့်ပဲ လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူတွေ အဖြစ် လုပ်ကိုင်နေတဲ့ ပေါလ်စခိုးလ်နဲ့ အိုဝင်တို့ဟာ သူတို့အသင်းရဲ့ အနေအထား အပေါ် အားရကျေနပ်မှုတွေ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘရူနို ဖာနန်ဒက်နဲ့ ပေါ့ဘာတို့ အတွဲကိုသာ ပွဲစဉ်တိုင်း အသုံးပြုမယ် ဆိုရင် ပရီးမီးယားလိဂ်ဖလားကို ရရှိနိုင်ကြောင်း ဆိုသွားပါတယ်။

Photo Credit: Metro

မန်ချက်စတာ ယူနိုက်တက် အသင်းက ပရီးမီးယားလိဂ် ဖလားကို ရရှိနိုင်ကြောင်းကို ပေါလ်စခိုးလ်က “တကယ်လို့ ယူနိုက်တက်ကသာ သူတို့အသင်းရဲ့ အဓိက ကစားသမား ၉ယောက် ဒါမှမဟုတ် ၁၀ယောက် ကို လာမယ့် ကျန်တဲ့ ပွဲစဉ်တွေ အားလုံးမှာ အသုံးပြုနိုင်မယ် ဆိုရင် သူတို့အသင်းဟာ အဆင့်၃နဲ့ အဆင့်၃ အထက်မှာ ရပ်တည်နိုင်ပါလိမ့်မယ်။ သူတို့က အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ကစားပုံ တစ်ခုကို ရှာတွေ့ ထားပါတယ်။ ကျွန်တော်ကတော့ ဆိုးလ်ရှားက အသင်းရဲ့ ကစားပုံကို ပြောင်းလဲထားတယ်လို့ မြင်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ပြီးခဲ့တဲ့နှစ်မှာ ရှက်ဖီးလ် ယူနိုက်တက် အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေ အားလုံးမှာ သူက တူညီတဲ့ ကစားသမားတွေ အားလုံးကို သုံးခဲ့ပေမယ့် ကစားပုံကတော့ အတော်လေး ခြားနား သွားနေလို့ပါ” လို့ ပြောကြား သွားခဲ့ပါတယ်။ အိုဝင်ကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ လက်ရှိပုံစံကောင်းနဲ့ ပတ်သတ်ပြီး “ယူနိုက်တက်က ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်စွမ်း ရှိပါတယ်။ အခုချိန်မှာ ချန်ပီယံဆုကို ပစ်မှတ်ထား နိုင်တဲ့ အသင်းတွေ ရှိနေပါသေးတယ်။ ဒါ့ကြောင့် သူတို့တေွ ဆုဖလားကို ရယူချင်ရင် သူတို့ရဲ့ အကောင်းဆုံး ကစားသမားတွေကို ဆက်ပြီး သုံးစွဲသွားဖို့ လိုအပ်ပါတယ်” လို့ သုံးသပ် သွားခဲ့ပါတယ်။