ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီကနေ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားတဲ့ ဘရာဇီးလ် ကြယ်ပွင့် တိုက်စစ်မှူး နေမာကို ခေါ်ယူခွင့် ရရှိထားကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီက အီတလီ အားကစား ဒါရိုက်တာ လီယိုနာဒိုနဲ့ နည်းပြဖြစ်သူ ပိုချက်တီနိုတို့ကို အသင်းကနေ ထုတ်ပယ်ခဲ့ပြီးနောက် နာမည်ကြီး အားကစား ဒါရိုက်တာ ကန်ပို့စ်ရဲ့ ဦးဆောင်မှုနဲ့အတူ အသင်းကို ပြန်လည် တည်ဆောက်ဖို့ စီစဉ်နေကာ ကန်ပို့စ်က လုပ်ခလစာ မြင့်မားပြီး ခြေစွမ်းကျဆင်းနေတဲ့ ဘရာဇီးလ် တိုက်စစ်မှူး နေမာကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: RMC Sports

ပီအက်စ်ဂျီ ဥက္ကဌ အယ်ခါလိုင်ဖီကလည်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူတို့အသင်းက နာမည်သာ ရှိပြီး အသင်းအတွက် မကြိုးစားတဲ့ ကစားသမားတွေ အားလုံးကို ရောင်းထုတ်တော့မယ်လို့ ဆိုခဲ့သလို နေမာရဲ့ အနာဂတ်ဟာ မရေရာကြောင်းပါ အတည်ပြု ပြောကြားခဲ့ပါသေးတယ်။

ဒါကြောင့်ပဲ ပီအက်စ်ဂျီဟာ နေမာကို လျှော့ဈေးနဲ့ ရောင်းထုတ်ဖို့ စီစဉ်နေကာ ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေက ယနေ့ညမှာပဲ ပရီးမီးယားလိဂ် အသင်းတွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီးနဲ့ နယူးကာဆယ်တို့ထံ ဆက်သွယ်ကာ နေမာကို ခေါ်ယူလိုပါက ခေါ်ယူနိုင်ကြောင်း အသိပေး အကြောင်းကြားခဲ့တယ်လို့ နာမည်ကြီး ပြင်သစ် သတင်းထောက် လူးဝစ် တန်ဇီက ဖော်ပြလာပါတယ်။

Photo Credit: RMC Sports

တန်ဇီရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီက နေမာကို မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီးနဲ့ နယူးကာဆယ်တို့ထံ ကမ်းလှမ်းခဲ့သလို နေမာကလည်း အဆိုပါ သတင်းတွေကြောင့်ပဲ ပီအက်စ်ဂျီထံ ဆက်သွယ်ကာ သူတို့ရဲ့ သဘောထားကို မေးမြန်းနေပြီး အကယ်၍ ပီအက်စ်ဂျီကသာ သူ့ကို မလိုချင်တော့ရင် အသင်းကနေ ထွက်ခွာဖို့ပါ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်က အသင်းရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုကို ယခု နွေဈေးကွက် အတွင်းမှာတင် လက်လွှတ် ဆုံးရှုံးရနိုင်ချေတွေ ရှိနေပြီး အကယ်၍ မန်ချက်စတာ ယူနိုက်တက်ကသာ ရိုနယ်ဒိုကို ဆုံးရှုံးခဲ့ရရင် နေမာကို ပြန်လည် ခေါ်ယူဖို့ စဉ်းစားလာနိုင်ကြောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ အေးဂျင့်တွေက ထုတ်ဖော် ပြောကြားထားကြပါတယ်။